ဂရန်မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်နေတဲ့ အိမ်ခြံမြေဈေးကွက်

ဩဂုတ် ၁၄ – ၂၀၂၃
SN (VOM)

လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပါမစ်မြေ၊ စလစ်မြေတွေထက် ဂရန်မြေကွက်တွေ အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

လတ်တလောမှာ အိမ်ခြံမြေဈေးကွက်အတွင်း မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ မြေအရောင်းအ၀ယ် ဆောင်ရွက်မှုတွေရှိနေတာကြောင့် ပါမစ်မြေ၊ စလစ်မြေတွေထက် ပိုင်ဆိုင်မှုခိုင်မာတဲ့ ဂရန်မြေ (မြေပိုင်မြေအမည်ပေါက်)တွေကို ဝယ်ယူမှု ပိုမိုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဘက်ခေတ်မှာ အိုင်တီနည်းပညာတွေ အရမ်းကျွမ်းကျင်ကြတော့ ပါမစ်အတု၊ စလစ်အတုတွေက အစစ်လိုပဲ ခွဲမရဘူး။ စာရွက်စာတမ်းအတုတွေနဲ့ လိမ်လည်တာတွေလည်း အရင်ကထက်ပိုပြီး များလာတယ်။ အဲ့ဒါကြောင့် အရောင်းအဝယ်သမားတွေက ဂရန်မြေဘက်ကို ခြေဦးလှည့်လာကြတာ။ အရင်ကတော့ ဂရန်မြေတွေက ဝယ်ပြီးရင် အခွန်ဆောင်ရတာတွေရှိတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး”လို့ မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ရာမှာ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲကမှ လက်ရှိမှာ ဂရန်မြေတွေ အရောင်းအဝယ်သွက်နေခြင်း ဖြစ်ပြီး ဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် မြင့်တက်လာနေသလို ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ အရောင်းအဝယ် ပြန်ဖြစ်လာတာကြောင့် စျေးကွက်အနည်းငယ် ပြန်လှုပ်လာတဲ့ သဘောတွေ့ရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

“တချို့ကပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်။ ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင်ကြဘူး။ စျေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြတာတွေဖြစ်လာတယ်။ စလစ်၊ ပါမစ်၊ ဂရန် ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာရွက်စာတမ်းတွေဟာ အမှန်အကန် ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ”လို့ အိမ်ခြံမြေ အကျိုးဆောင် ရှေ့နေတစ်ဦးက ပြောပါတယ်။

လက်ရှိ ဂရန်မြေကွက်တွေဟာ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်မှာ ပေ ၄၀×၆၀ တစ်ကွက်ကို သိန်း ၉၀၀ ဝန်းကျင်၊ ဒဂုံ (အရှေ့ပိုင်း) မှာ ပေ ၇၀×၉၀ တစ်ကွက်ကို သိန်း ၄၅၀၀ ဝန်းကျင်၊ ဒဂုံ (မြောက်ပိုင်း) မှာ ပေ ၄၀×၆၀ တစ်ကွက်ကို သိန်း ၃၆၅၀ ဝန်းကျင်၊ ဒဂုံ (တောင်ပိုင်း) မှာ ပေ ၄၀×၆၀ တစ်ကွက်ကို သိန်း ၄၅၀၀ ဝန်းကျင် ‌ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့လယ်နေရာတွေဆိုရင်တော့ ဗဟန်းမှာ ပေ ၁၀၀×၁၀၀ မြေကွက်တစ်ကွက်ကို သိန်း ၇၅၀၀၀ ဝန်းကျင်၊ ကမာရွတ်မှာ ပေ ၂၅×၅၀ တစ်ကွက်ကို သိန်း ၈၅၀၀ ဝန်းကျင်၊ စမ်းချောင်းမှာ ပေ ၂၅×၅၀ တစ်ကွက်ကို သိန်း ၇၅၀၀ ဝန်းကျင်၊ လှိုင်မှာ ပေ ၆၃×၇၀ တစ်ကွက်ကို သိန်း ၂၅၀၀၀ ဝန်းကျင်၊ ရန်ကင်းမှာ ပေ ၇၅×၈၀ တစ်ကွက်ကို သိန်း ၂၇၀၀၀ ဝန်းကျင်၊ တာမွေမှာ ပေ ၃၀×၁၂၀ တစ်ကွက်ကို သိန်း ၂၅၀၀၀ ဝန်းကျင်၊ သာကေတမှာ ပေ ၄၀×၆၀ တစ်ကွက်ကို သိန်း ၁၅၀၀၀ ဝန်းကျင် စသဖြင့် အသီးသီး ပေါက်ဈေးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #ဂရန်မြေ #အရောင်အဝယ်ပိုအရောင်းအဝယ်ပိုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW