တောင်ကိုရီးယားသွားတဲ့ မြန်မာလုပ်သားတွေ တားမြစ်စားသောက်ကုန်သယ်လာတာ ထပ်မိရင် ပြည်ဝင်ခွင့်ပိတ်မယ်

ဩဂုတ် ၂၄ – ၂၀၂၃
SN (VOM)

တောင်ကိုရီးယားသွားတဲ့ မြန်မာလုပ်သားတွေ တားမြစ်စားသောက်ကုန်တွေ သယ်လာတာ လေဆိပ်မှာ မကြာခဏသိမ်းဆည်းရမိတဲ့အတွက် နောက်တကြိမ် ထပ်မိရင် ပြည်ဝင်ခွင့်ပိတ်မယ်လို့ တောင်ကိုရီးယားဘက်က သတိပေးလာတယ်လို့ ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံအားလုံးအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဂေဟစနစ်မပျက်စီးစေဖို့၊ အာဖရိကဝက်တုပ်ကွေးရောဂါနဲ့ ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့သော ရောဂါသစ်၊ ရောဂါဆန်းတွေ ဝင်ရောက်လာခြင်းမရှိစေဖို့ IPPC Convention နဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေနဲ့သော်လည်းကောင်း ရောဂါပိုးမွှားကင်းရှင်းကြောင်း စစ်ဆေးထားခြင်းမရှိတဲ့ အပင်၊ သစ်သီးနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကို ကြီးကြပ်စစ်ဆေးပြီး တားမြစ်ပိတ်ပင်လျက်ရှိတယ်လို့ သိရပါတယ်။

“အသားခြောက် လုံးဝ လုံးဝ ဖမ်းပါတယ်။ ကွမ်းရွက် ဖမ်းတာပါပဲ။ Re-entry တွေက လူနည်းတဲ့အတွက် သေချာစစ်ပါတယ်။ တခြားနိုင်ငံတွေ အိတ်စစ်ချိန် ၅ မိနစ်တောင် မကြာတဲ့အချိန် ကျွန်တော်တို့တွေ ဝင်လိုက်ရင် အနည်းဆုံး နာရီဝက်ကြာပါတယ်။ POEA က ဆရာမတွေကလည်း မထွက်ခင် ကြိုသတိပေးခဲ့ပါတယ်။ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ လွတ်မယ်ထင်လို့ သယ်ကြတယ်။ ခုတော့ အပတ်စဉ် အမိများလာတာဖြစ်လို့ အဖမ်းခံရတဲ့သူတွေ နောင်တကြိမ် ပြည်ဝင်ခွင့်ပိတ်ပါမယ်လို့ အကြောင်းကြားလာပါတယ်။ ထပ်ချဲ့ရရင် E-7-4 လိုမျိုး ဗီဇာ ပြောင်းမယ်ဆိုရင်တောင် ကိုယ့်မှာ နစ်နာမယ့် အခြေအနေဖြစ်လာမှာပါ”လို့ ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တားမြစ်ပစ္စည်းတွေနဲ့ပတ်သက်လို့ POEA (အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ)အနေနဲ့ လုပ်ငန်းခွင်အကြို သင်တန်းမှာလည်းကောင်း၊ လေဆိပ်က မထွက်ခင်မှာလည်းကောင်း ကြိုတင် အသိပညာပေးလျက်ရှိတဲ့အပြင် အလုပ်သမားသံအရာရှိ အနေနဲ့လည်း အခါအားလျော်စွာ အသိပညာပေးလျက်ရှိပေမယ့် လိုက်နာမှုအားနည်းနေတုန်းပဲလို့ သူက ပြောပါတယ်။

“လောလောဆယ်မှာတော့ အဖမ်းခံရရင် ပစ္စည်းသိမ်း ပတ်စ်ပို့မှတ်တမ်းတင်၊ များရင်တော့ ဒဏ်ငွေဆောင်။ လူတိုင်းက ကိုယ့်ဘဝနဲ့ ကိုယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ။ သယ်တာ မသယ်တာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါပဲ။ ကျွန်တော်တို့က အသိပညာပေးလို့ပဲရမယ်။ ကိုယ့်အခြေအနေနဲ့ ကိုယ်ချိန်ကြပါလို့ပဲ ပြောချင်ပါတယ်”လို့ သူက ပြောပါတယ်။

ကိုရီးယား သွားရောက်ရာမှာ တားမြစ်စားသောက်ကုန်ပစ္စည်းတွေ သိမ်းဆည်းရမိပါက အဲ့ဒီ့ပစ္စည်းတွေ အသိမ်းခံရမယ့်အပြင် ပထမအကြိမ် ဝမ် ၁၀ သိန်း၊ ဒုတိယအကြိမ် ဝမ် သိန်း ၃၀ ၊ တတိယအကြိမ် ဝမ် သိန်း ၅၀ နဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ပြစ်ဒဏ်တွေ ချမှတ်ခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

“ကိုရီးယားမှ မဟုတ်ဘူး။ Red Meat (ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ဆတ်) စတာတွေကို နိုင်ငံတော်တော်များများကို သယ်လို့မရပါဘူး။ ပိုးသတ်မထားတဲ့ အသားတွေမှာ ရောဂါပိုးတွေ အများကြီး ပါနိုင်လို့ဖြစ်ပါတယ်။ တစ်ခုခုဆို လေယာဉ် Cargo အိတ်ထဲကနေထွက်ကုန်ရင် အနံ့ကလည်းဆိုး၊ ပုပ်ကုန်ရင် ကိုယ့်ပစ္စည်းတွေတင်မက တခြားသူတွေရဲ့ပစ္စည်းတွေပါ ပုပ်ကုန်တတ်ပါတယ်။ ဒါ့ကြောင့် တားမြစ်ကုန်ထဲပါတာပါ။ အသားတော်တော်များများကို သွင်းချင်ရင် ခွင့်ပြုလိုင်စင် လိုပါတယ်။ ပေးဆောင်ရတဲ့အခွန်က ဈေးကြီးလွန်းလို့ လုပ်ငန်းလုပ်မယ့်သူသာလျှင် အဆင်ပြေပါလိမ့်မယ်”လို့ ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကိုရီးယားနိုင်ငံကို ရောက်ရှိနှင့်ပြီးဖြစ်တဲ့ အရင် EPS လုပ်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကိုရီးယားနိုင်ငံကို လုပ်သားစေလွှတ်ခွင့်ဦးရေ ပိုမိုရရှိလာတယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက သိရပါတယ်။

ဒါပေမယ့်လည်း အခုကာလအပိုင်းအခြားအတွင်း ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေရဲ့ တားမြစ် စားသောက်ကုန်ပစ္စည်းတွေကို လေဆိပ်မှာ မကြာခဏ သိမ်းဆည်းရမိနေတာကြောင့် လုပ်သားဦးရေခွဲတမ်းရရှိမှုကို ထိခိုက်လာနိုင်တယ်လို့ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုဌာန (HRD Korea)မှ အသိပေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အသစ်ဝင်ရောက်လာမယ့် Regular လုပ်သားတွေနဲ့ Re-entry လုပ်သားတွေအနေနဲ့ မိမိတဦးတည်းသာ ထိခိုက်တာမဟုတ်ဘဲ အခြားလုပ်သားတွေကိုလည်း ထိခိုက်စေနိုင်တာကြောင့် တားမြစ်စားသောက်ကုန်ပစ္စည်းတွေ သယ်ယူလာခြင်းနဲ့ပတ်သက်လို့ အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ပေးစေလိုတယ်လို့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထားပါတယ်။

Photo – MLAK
#voiceofmyanmar #VOM #မြန်မာလုပ်သား #ကိုရီးယားနိုင်ငံ #တားမြစ်ပစ္စည်းသယ်ယူခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW