ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေ ဝင်ငွေခွန် ပေးဆောင်ရမယ်

ဩဂုတ် ၂၆ – ၂၀၂၃
SN (VOM)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေ လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ ဩဂုတ် ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ လစာသဘောမျိုးမဟုတ်တဲ့ အခကြေးငွေယူပြီး ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ကြီးတွေနဲ့ အတတ်ပညာရှင်တွေကို ဆေးရုံ၊ ဆေးခန်းတွေက ငွေပေးချေမှုပြုလုပ်တဲ့အခါတိုင်း အမိန့်ကြော်ငြာစာအရ ပေးချေငွေရဲ့ ၂ ရာခိုင်နှုန်းကို ပင်ရင်းမှနုတ်ယူပေးသွင်းတဲ့ ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းရမယ်လို့ သိရပါတယ်။

“ပေါ်လစီကတော့ ချလိုက်ပြီဆိုတော့လည်း ပေါ်လစီအတိုင်းတော့ လိုက်နာကျင့်သုံးရမှာပေါ့။ ပုံမှန်ဆိုလည်း အခွန်ကဆောင်နေတာပဲ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ။ ဒီဘက်မှာ ဝင်ငွေခွန်၊ အမြတ်ခွန် ဒီအခွန်တွေကတော့ တောက်လျှောက် ရှိနေတာပဲလေ။ စားသောက်ဆိုင်တွေမှာ တံဆိပ်ခေါင်းတွေကပ်ပြီး tax တွေ‌ဆောင်သလိုပဲ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း နောက်ပိုင်း service charges ‌တိုးကောက်မလား၊ အဲ့ဒါလေးကိုပဲ ကျွန်တော်တို့ ဆေးရုံ၊ ဆေးခန်းတွေဘက်ကပဲ ပြင်ဆင်ရမှာပေါ့နော်။ ဒါကတော့ ချမှတ်တဲ့ ပေါ်လစီအတိုင်းပဲ လိုက်နာကျင့်သုံးရမှာပေါ့”လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၇ ပါ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအတွက်ရရှိတဲ့ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဒ) ပါ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်မှာ အခွန်နုတ်ယူပေးသွင်းစေခြင်းကို သတ်မှတ်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက “အခု အခွန်ကိစ္စက နောက်ဆုံး ပြည်သူတွေပဲထိမှာ။ ဆေးရုံး၊ ဆေးခန်းတွေက ပြည်သူတွေဆီကပဲ ထပ်တိုးယူမှာ။ အခွန်ဆောင်ရမယ့်ဆေးရုံနဲ့ ဆရာဝန်တွေက နိုင်ငံ့သားကောင်းပီသစွာနဲ့ ပြေးဆောင်ကြမယ်ထင်လား။ လူနာဆီပဲ ပြန်လှည့်လာမှာပဲ။ နောက်ဆုံး လူထုပဲ ထိမှာ။ လူနာတွေအပေါ် သက်ညှာတဲ့သူတွေ မတွေ့ဖူးသေးဘူး။ ဆေးရုံဆေးခန်းသွားပြရင် လူနာတွေ tax ဆိုပြီး
ကုန်ကျစရိတ်ရဲ့ ၂ ရာခိုင်နှုန်း ပိုပေးရပြီ” လို့ ပြောပါတယ်။

စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့လက်ရှိသတ်မှတ်ချက်အရ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေကို အခကြေးငွေပေးချေရာမှာ ငွေထုတ်ပေးဖို့တာဝန်ရှိသူဟာ ငွေထုတ်ပေးချိန် ပေးချေငွေအပေါ် ပင်ရင်းကနေ နုတ်ယူပေးသွင်းတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူပြီး နုတ်ယူထားတဲ့နေ့မှ ၁၅ ရက်အတွင်း ငွေလက်ခံရရှိသူ (ဒါမှမဟုတ်) ကျန်းမာရေးစောင့်ရှောက်မှုပေးသူအမည်နဲ့ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (ဒါမှမဟုတ်) အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (ဒါမှမဟုတ်) အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးရဲ့ ဘဏ်ငွေစာရင်းကို ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေကို လစဉ်ပေးချေတဲ့ လစာဝင်ငွေဖြစ်ပါက အပိုဒ်ခွဲ (က) အရ ပင်ရင်းမှ နုတ်ယူပေးသွင်းတဲ့ ဝင်ငွေခွန်ကို နုတ်ယူပေးသွင်းရန် မလိုအပ်ဘဲ ငွေထုတ်ပေးရန် တာဝန်ရှိသူအနေနဲ့ လစာခေါင်းစဉ်နဲ့ ဝင်ငွေခွန် ထမ်းဆောင်တဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ လစာခေါင်းစဉ်မှ ဝင်ငွေသာရရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေကလွဲလို့ အခြား ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေဟာ မိမိတို့ရရှိတဲ့ ဝင်ငွေအပေါ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇ နဲ့အညီ သတ်မှတ်ကာလအတွင်း နှစ်စဉ် ဝင်ငွေကြေညာလွှာ ပေးပို့ပြီး ဝင်ငွေခွန်စည်းကြပ်မှု ခံယူရမှာဖြစ်ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးအနေနဲ့ ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက် အခွန်စည်းကြပ်မှု ဆောင်ရွက်ရာမှာ ပင်ရင်းမှ နုတ်ယူပေးသွင်းခဲ့တဲ့ ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိမ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အခု ညွှန်ကြားချက် အမိန့်ကြော်ငြာစာဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး အကျိုးသက်ရောက်မှာ ဖြစ်တဲ့အတွက် အဲ့ဒီနေ့ကစပြီး ဆရာဝန်ကြီးတွေ၊ သူနာပြုတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေကို ပေးချေရတဲ့ ငွေမှစတင်ကာ ဖြတ်တောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျန်းမာရေးဝန်ထမ်း #ဝင်ငွေခွန်ပေးရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW