လူသတ်၊ လုယက်မှုတွေကြားက ရန်ကုန်

SN (VOM)

တနေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူ လူသတ်မှုတွေကြောင့် ပြည်သူတွေကြားမှာ မလုံခြုံမှုတွေ ခံစားလာနေရပါတယ်။

ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ နယ်မြို့တွေမှာသာမက ရန်ကုန်မြို့လို မြို့ကြီးတွေရဲ့ တကယ့်အချက်အချာကျ၊ လူစည်ကားတဲ့ နေရာတွေမှာပါ ဖြစ်ပွားနေတာ ဖြစ်ပြီး တချို့ဖြစ်စဉ်တွေဆိုရင် မိမိအိမ်မှာပင် နေသော်ငြားလည်း အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် လုံခြုံမှု အာမခံချက်မရှိတာကို တွေ့မြင်နိုင်ပါတယ်။

လက်ရှိမှာ အဲ့ဒီ့ဖြစ်စဉ်တွေကို ကြားသိရသူတိုင်းအတွက် စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ဖြစ်လာမှာကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အမှုအခင်းဖြစ်ပွားမှုတွေမှာ အဘယ့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်လာသလဲဆိုတဲ့ အခြေအနေအတွက်ကတော့ ပြောစရာတခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ပြည်သူတွေအကြား လူမှုစီးပွားရေးမှာ အများစုကျပ်တည်းနေတဲ့ အခြေအနေကို ဆိုက်ရောက်နေတာပါ။ ကုန်စျေးနှုန်း ကြီးမြင့်လာတာနဲ့အမျှ အခြေခံလူတန်းစားတွေ ဘဝရပ်တည်နိုင်ရေးအတွက်လည်း အခက်အခဲများစွာ ရှိလာနေကြပါတယ်။

အဲ့ဒီ့လို ကျပ်တည်းလာမှုတွေကို သမ္မာအာဇီဝကျကျ အလုပ်လုပ်ကိုင် ရှာဖွေစားသောက်နေသူတွေ ရှိသလို သူတပါးရဲ့ ပစ္စည်းဥစ္စာကိုမှ မတရားသဖြင့် လိမ်ယူ၊ လုယူ၊ ခိုးယူသူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီ့အထဲမှာ အစကတည်းကိုက အလွယ်လမ်းစဉ်ကိုလိုက်ပြီး ပြစ်ဒဏ်မကြောက်၊ ထောင်မကြောက်ဘဲ ပြစ်မှုတွေကျူးလွန်ပြီး ဘဝရပ်တည်နေသူတွေ ရှိသလို အစကနဦးမှာတော့ ကောင်းရောင်း ကောင်းဝယ်လုပ်စားပြီး နောက်ပိုင်း မတတ်နိုင်တဲ့အဆုံးကျမှ ဘဝရပ်တည်ရေး၊ ဝမ်းရေးအတွက် လုယူ၊ ခိုးယူပြီး ဖြေရှင်းနေကြသူတွေလည်း ရှိနိုင်ပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ လူသတ်လုယက်မှုတွေထဲမှာ အနီးစပ်ဆုံး ဖြစ်စဉ်တခုကတော့ ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းက ပုဇွန်တောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မှာ တဦးတည်းရှိနေတဲ့ အမျိုးသမီး(၁)ဦးကို သတ်ဖြတ်ပြီး ရွှေထည်နဲ့ ငွေသား ၇၅ သိန်းဝန်းကျင် လုယက်သွားမှုဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဟာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ညာဘက်နံရိုး ထိုးသွင်းဒဏ်ရာတို့နဲ့ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ အမျိုးသား ၃ ဦးဖြစ်ပြီး လူသတ်ကာ ရွှေထည်များကို ယူသွားပြီးနောက် ရွှေဆိုင်တဆိုင်ကို သွားရောက်ရောင်းချရာမှာ ရွှေထည်တွေမှာ သွေးစ လို့ ယူဆရတဲ့ အရာတွေ တွေ့ရှိရတာကြောင့် ပုဇွန်တောင်ရဲစခန်းကို အကြောင်းကြားရာကတဆင့် ကျူးလွန်သူတွေကို ဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ အမျိုးသား ၃ ဦးထဲမှ တယောက်ဟာ သေဆုံးသူအမျိုးသမီး ပုံမှန်စီးနင်းနေကျ အနှေးယာဥ်လုပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။

“အခုခေတ်ကာလကြီးထဲမှာ ဘယ်သူ့ကိုမှ ယုံလို့မရဘူးဆိုတဲ့ သာဓကတခုပေါ့။ အိမ်မှာတယောက်တည်း နေနေတာမျိုးလည်း မလုပ်သင့်ဘူး။ အခုခေတ်က အိမ်မှာ လူအများကြီးရှိနေတာတောင်မှ မလုံခြုံတာလေ။ တယောက်တည်းဆို ပိုဆိုးတာပေါ့။ ပြီးတော့ တယောက်တည်းနေနေရင်လည်း ပတ်ဝန်းကျင်ကို ပေးမသိတာ ပိုကောင်းမယ်။ အခုဖြစ်တဲ့ ဖြစ်စဉ်မှာဆို ဆိုက္ကားသမားက သူ့အိမ်ကိုဝင်ထွက်နေတာဆိုတော့ အိမ်ရဲ့အကြောင်းကို သိနေတာပေါ့။ ဒီခေတ်ဒီကာလကြီးမှာ ဘယ်သူစိမ်းကိုမှ မယုံတာအကောင်းဆုံးပဲ” လို့ ပုဇွန်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် (၂၅) နှစ်အရွယ်ရှိပြီး ခင်ပွန်းဖြစ်သူနဲ့ နေအိမ်မှာ ၂ ဦးတည်းနေထိုင်သူဖြစ်ကာ ခင်ပွန်းဖြစ်သူကလည်း နေပြည်တော်မှာ သွားရောက် အလုပ် လုပ်ကိုင်နေသူ ဖြစ်တာကြောင့် အခင်းဖြစ်ပွားချိန် နေအိမ်မှာမရှိဘူးလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးမေးမြန်းရာမှာ ဒီဖြစ်စဉ်ထဲက ကျူးလွန်သူ ၂ ယောက်ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တက္ကစီယာဥ်မောင်း လုယက်ခံရပြီး အသတ်ခံရတဲ့အမှုကိုပါ ကျူးလွန်ခဲ့သူတွေဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်၊ မြသီတာပန်းခြံရှေ့မှာ တက္ကစီယာဥ်မောင်းကို ကားငှားစီးလာသူ လူငယ် ၂ ဦးက ဓါးနဲ့ထိုးပြီး လုယက်ခဲ့လို့ ဓါးထိုးခံရသူ တက္ကစီယာဉ်မောင်းဖြစ်သူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တခု ဩဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဓါးထိုးလုယက်ခံရတဲ့ တက္ကစီယာဉ်မောင်းဖြစ်သူဟာ ယာဉ်နံပါတ် 5H/3855 တိုရိုတာပရိုဘောက်ယာဉ်ကိုမောင်းနှင်သူဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် (၅၀) ၀န်းကျင်အရွယ်ခန့်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစလို့ ရန်ကုန်မြို့မှာ ကားငှားစီးသူအဖြစ် ဟန်ဆောင်ပြီး တက္ကစီယာဥ်မောင်းတွေကို ဓါးထိုးလုယက်မှုဖြစ်စဉ်တွေဟာ မကြာခဏ ဆိုသလို ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး အဲ့ဒီ့ဖြစ်စဉ်တွေကြောင့် တက္ကစီယာဉ်မောင်းအများစု မကြာခဏဆိုသလို အသက်ဆုံးရှုံးနေကြရပါတယ်။

အမှုအခင်းတွေဟာ ဟိုးအရင်က ညဘက် လူခြေတိတ်ချိန်တွေ၊ လူပြတ်လပ်ရာ နေရာတွေ၊ လမ်းတွေမှာသာအဖြစ်များခဲ့တာ ဖြစ်ပေမယ့် လက်ရှိကာလမှာတော့ နေ့ခင်းကြောင်တောင် လူထူထပ်‌ရာနေရာတွေမှာပါ အဖြစ်များလာနေတာ ဖြစ်ပါတယ်။ အခုလို နေ့ရော ညပါမကျန် ရာဇဝတ်မှုတွေ များပြားလာရတာဟာ တရားဥပဒေစိုးမိုးမှု ချည့်နဲ့ အားနည်းလွန်းတာကို ဖော်ညွှန်းနေတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

နောက်ထပ်ဖြစ်စဉ်တခုကတော့ ဩဂုတ် ၂၈ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝန်းအနီးက ဆန်ဆိုင်တဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရမှု ဖြစ်ပါတယ်။ ဘုရင့်နောင်ပွဲရုံဝန်းအနီးရှိ ဘုရင့်နောင်လမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ သုခရှင် ဆန်ရောင်းဝယ်ရေးဆိုင်ကို မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ အမည်မသိ အမျိုးသား ၆ ဦး ဓါးတွေကိုင်ဆောင်ကာ ရောက်ရှိလာပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့ပြီး ငွေသားတွေ ယူဆောင်သွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

“ဓားပြလာတာ စုစုပေါင်း ၉ ယောက်၊ အဲ့ဒီ့မှာ ၆ ယောက်လောက်က အရှည်တပေလောက်ရှိတဲ့ ဓားတွေကိုကိုင်ပြီး မျက်နှာမှာ mask တွေတပ်ပြီး ဝင်လာတာ။ ဝန်ထမ်းတွေအများကြီး ရှိပေမယ့် ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။ ကျပ်သိန်း ၂ဝဝ နီးပါးလောက် ပါသွားတယ်။ နောက် ရုံးဝန်ထမ်းတယောက်ရဲ့ လက်ကိုင်ဖုန်းတလုံးလည်း ပါသွားတယ်”လို့ ဘုရင့်နောင်ပွဲရုံဝန်းအတွင်း နေထိုင်သူတဦးက ပြောပါတယ်။

လုယက်မှုဖြစ်တဲ့နေ့က ပြစ်မှုကျူးလွန်သူတွေဟာ သုခရှင်ဆန်ဆိုင်ကို ပရိုဘောက်ကားနဲ့ ရောက်လာပြီး ၃ ယောက်ကအပြင်မှာ စောင့်ကြည့်ကာကျန် အမျိုးသား ၆ ယောက်က ဝင်ရောက်လုယက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ပြစ်မှုကျူးလွန်သူ ၉ ဦးကို ငွေကျပ် ၁၈၈ သိန်း၊ ဖုန်းတလုံးနဲ့အတူ ဩဂုတ် ၃၀ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ မရမ်းကုန်းမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ Gandamar Wholesale ကုန်တိုက်အနီးမှာ ကားလုယက်မှုတခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ မောင်းနှင်လာတဲ့ Suzuki Ciaz အမျိုးအစား ကိုယ်ပိုင်ကားရဲ့အရှေ့မှာ AD Van အမျိုးအစားကားတစီးက ပိတ်ရပ်ပြီး ကားပေါ်မှ အမျိုးသားတချို့ဆင်းလာကာ လုယက်ခံရတဲ့ ကားရဲ့ ယာဉ်မောင်းကို ထိုးကြိတ်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက် အဲ့ဒီ့ယာဉ်မောင်းကို အဝတ်နဲ့မျက်နှာကိုအုပ်ပြီး ခေါ်ဆောင်သွားကာ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းထားခဲ့ပြီး ကားကိုလုယက်သွားတယ်လို့ ယာဉ်ပိုင်ရှင်နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

အဲ့ဒီ့ ယာဉ်လုယက်ခံရမှုကို ယာဉ်ပိုင်ရှင်က မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး လက်ရှိအချိန်အထိ လုယက်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၂ ရက်နေ့ကလည်း အင်းစိန်၊ ဖော့ကန်မှာ အငှားကား လုယက်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အမျိုးသား လူငယ် ၂ ဦးက အဖြူရောင် Taxi Mira အမျိုးအစား 5I/8524 ကားကို မရမ်းကုန်းမြို့နယ်၊ ခဝဲခြံမှတ်တိုင်အနီး အောင်သိဒ္ဓိလမ်းကို ငှားရမ်းခဲ့တာကြောင့် လိုက်သွားခဲ့ရာမှာ မဥ္ဇူလမ်းထဲအရောက် လူပြတ်တဲ့နေရာမှာ ကားငှားစီးလာတဲ့လူငယ် ၂ ဦးက ဓါးထောက်ပြီး ကားကို လုယက်ခဲ့တဲ့အပြင် လက်ကိုင်ဖုန်း၊ ပိုက်ဆံတွေနဲ့ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအားလုံးကိုလည်း ယူဆောင်သွားခဲ့တယ်လို့ တက္ကစီယာဉ်မောင်း အသိုင်းအဝိုင်းက သိရပါတယ်။

လုယက်သွားတဲ့ ကားကိုတော့ အခင်းဖြစ်တဲ့ ဩဂုတ် ၁၂ ရက် ညပိုင်းမှာပဲ အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း pro one centre အနီးမှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း အင်းစိန်ရဲစခန်းက အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ကားပြန်ရပြီဖြစ်ပေမယ့်လည်း လုယက်မှုကျူးလွန်သူ ၂ ဦးကိုတော့ ဖမ်းမိနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၈ ရက်နေ့ ညပိုင်းကလည်း ကားနဲ့တိုက်မိတဲ့ အမျိုးသမီးငယ်တဦးကို မင်္ဂလာဒုံမြို့နယ်ထဲက ဇေကမ္ဘာဝန်းထဲ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီ့အမျိုးသမီးငယ်ဟာ အသက် ၁၅ နှစ်ဝန်းကျင်ရှိပြီး စိတ်ကျန်းမာရေး ချို့တဲ့နေသူတဦးလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ့လို လာရောက်စွန့်ပစ်ခံရတဲ့ အမျိုးသမီးငယ်ကို ဒေသခံပြည်သူတဦးက တွေ့ရှိခဲ့ပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံတာကြောင့် သွားရောက်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ အမျိုးသမီးငယ်ကို ကျန်းမာရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဒဏ်ရာအခြေအနေ စစ်ဆေးကြည့်ရာမှာ အဓ္ဓမပြုကျင့်ခံထားရတဲ့လက္ခဏာမျိုး တွေ့ရှိခဲ့ရပြီး မစိုးရိမ်ရတဲ့ ပြင်ပဒဏ်ရာတချို့လည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ ကလေးအရုပ်လေး ပိုက်‌ပြီး ရွှေပေါက္ကံ၊ အင်းဝလမ်းမကြီးနဲ့ (၁၅) လမ်းမအနီး လမ်းလျှောက်နေစဉ် Hijet အဖြူရောင်ယာဉ်က တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကားပေါ်မှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး လိုက်ပါလာကာ တိုက်ပြီး မောင်းပြေးတာကြောင့် ပတ်ဝန်းကျင်ပြည်သူတွေက လိုက်ကြတဲ့အခါ ကားကိုရပ်တန့် ဆေးရုံပို့မယ်လို့ဆိုကာ အမျိုးသမီးငယ်ကို ကားပေါ်တင်ခေါ်သွားကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားချိန်ဟာ မိုးအရမ်းရွာနေတဲ့အချိန် ဖြစ်တဲ့အတွက် ဒေသခံတွေက ကားနံပါတ်ကို သေသေချာချာ မမြင်လိုက်ရဘူးလို့လည်း ပြောကြပါတယ်။

အမျိုးသမီးငယ်ကို မေးမြန်းတဲ့အခါမှာလည်း စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အခြေအနေကြောင့် မေးမြန်းလို့မရခဲ့ဘူးလို့ သိရပါတယ်။ နောက်နေ့ ဩဂုတ် ၉ ရက်နေ့ မနက်ပိုင်းမှာတော့ အဲ့ဒီအမျိုးသမီးငယ်ကို သန်လျင်သဘာဝတရားရိပ်သာကို ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အခုလို ကားနဲ့တိုက်မိပြီး အတိုက်ခံရသူကို စွန့်ပစ်တဲ့ဖြစ်စဉ်တွေ၊ ဓားပြတိုက်တာ၊ အိမ်တွေကို ဖောက်ထွင်းတာ၊ အနုကြမ်းစီးတာ၊ လူသတ်တာ၊ ဘဏ်တွေမှာ ငွေကျပ်သိန်းထောင်ချီကို ဓားပြတိုက်တာအပြင် ဆိုင်ကယ်တွေ၊ ဖုန်းတွေလုယက်ခံရတာမျိုး ပြန်လည်ခုခံ သူတွေကိုပင် အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ တိုက်ခိုက်တာတွေဟာ ၂၀၂၁ ခုနှစ်ကစလို့ ၂ နှစ်ကျော်ကာလအတွင်းမှာ မြို့ပြ၊ကျေးရွာတွေပါမကျန် နေရာအနှံ့အပြားမှာ ပေါ်ပေါ်တင်တင် များများစားစား ရှိလာနေတာ ဖြစ်ပါတယ်။

နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ မသမာမှုဖြစ်စဉ်တွေဟာ ပုံတူကူးပြီး ကူးစက်ရောဂါတမျိုးလို ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည် မဖော်နိုင်တော့တဲ့ကာလမှာ အများအပြား ဖြစ်လာနေတာလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ကလည်း လက်ရှိမှာ တပ်မတော်နဲ့ပူးပေါင်းပြီး ကိုယ်တိုင်လုံခြုံရေးအတွက် ဦးစားပေးလုပ်ဆောင်နေရတာကြောင့်လို့လည်း ယူဆထားကြပါတယ်။

အခုလို တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အချိန်မှာ ပေါ်ပေါက်နေတဲ့ ခိုးဆိုးလုယက်မှုတွေကတဆင့် အသက် အန္တရာယ်အထိ ခြိမ်းခြောက်လာမှုတွေကို ကိုယ်တိုင်ကာကွယ်ခွင့်ရှိသလို ကူညီခွင့်လည်းရှိတယ်လို့ ဥပဒေအရ သတ်မှတ်ပေးထားပေမယ့်လည်း အစစအရာရာ လုံခြုံမှုအားနည်းနေတဲ့ အခြေအနေမှာ ပြည်သူတွေအတွက်ကတော့ အရာရာမှာ စိုးရိမ်ထိန့်လန့်မှုတွေကတော့ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ။

Photo Crd – Original Uploader
#voiceofmyanmar #VOM #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW