လားရှိုးက Denko ဆီဆိုင် ပေါက်ကွဲမှု သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များပြား

စက်တင်ဘာ ၂၇ – ၂၀၂၃
SN + Shy V (VOM)

ဒီနေ့ စက်တင်ဘာလ ၂၇ ရက်၊ ညနေ (၅) နာရီဝန်းကျင်က ရှမ်းပြည်နယ်၊ လားရှိးမြို့၊ လားရှိး- မန္တလေး ကားလမ်းမပေါ်ရှိ Denko စက်သုံးဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ ကနဦးသတင်းတွေအရ လူ ၃ ဦးခန့် သေဆုံးကာ လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“လားရှိုးကနေ မန္တလေးဘက် အထွက် လမ်းက Denko ဆီဆိုင်မှာ လောင်တာ။ တော်တော်တော့များတယ်။ ကားတွေရောပဲ။” လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဲ့ဒီ့ စက်သုံးဆီအရောင်းဆိုင်ကို လာရောက်ဆီဖြည့်နေကြတဲ့ အိမ်စီးကားတွေ အပါအဝင် မူဆယ်- လားရှိုး – နေပြည်တော်ပြေးဆွဲတဲ့ သစ္စာဟိဏ်း ခရီးသည်ယာဉ်တစီးလည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

“ကားတစီး ဆီဖြည့်နေတဲ့အချိန် ရုတ်တရက် ထပေါက်ကွဲပြီး မီးလောင်တာလို့ သိရတယ်။ အဲ့ဒီအချိန် ဆီဆိုင်ထဲမှာ ခရီးသည်တင်ယာဉ်လည်း ရှိနေတယ်။ ခရီးသည်တင်ယာဉ်ပေါ်မှာ လူက ၃၂ ယောက်လောက် ပါတယ်လို့ သိရတယ်။ အခု အဲ့ဒီဆီဆိုင်နားက လူနေအိမ် ၄ လုံးလည်း မီးထဲပါသွားပြီ။ မီးက အရမ်းများနေတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ခရီးသည်ယာဉ်ပေါ်မှ ခရီးသည်တချို့နဲ့ Denko ဆီဆိုင်မှ ဝန်ထမ်းတချို့၊ ဆီလာဖြည့်သူတချို့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး မြို့ခံတွေကတော့ အဲ့ဒီ့ ပေါက်ကွဲမှုဖြစ်စဥ်ဟာ ဗုံးပေါက်ကွဲမှု ဖြစ်တယ်လို့ ပြောဆိုထားပေမယ့်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အရင်ကလည်း ရန်ကုန်မြို့က မြောက်ဥက္ကလာ၊ အင်းစိန်နဲ့ မန္တလေး၊ အမရပူရ၊ ဘားအံမြို့‌က Denko ဆီဆိုင်တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာလည်း လားရှိုးမြို့၊ ရပ်ကွက် (၂) မှာရှိတဲ့ CS ဟိုတယ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာခဲ့ပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ လားရှိုးမှာ ဗုံးပေါက်ကွဲမှုဖြစ်စဥ် ၆ ကြိမ်ထက်မနည်းရှိနေပြီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူတွေလည်း ဆယ်နဲ့ချီရှိနေပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #လားရှိုး #Denkoဆီဆိုင်မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW