ဟဲဟိုးမှာ ဟိုက်ဂျက်တစီးက ရပ်ထားတဲ့ ၆ ဘီးကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

စက်တင်ဘာ ၂၈ – ၂၀၂၃
SN (VOM)

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၉/၇) နဲ့ (၉၀/၀) ကြားမှာ ဒီနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၆ နာရီဝန်းကျင်က Hijet ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ Nissan (၆)ဘီးယာဉ်ကို ဝင်တိုက်မိခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် Hijet ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းအရ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“Hijet က အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာရပ်ထားတဲ့ကားကို နောက်ကနေ ဝင်တိုက်လိုက်တာပါ။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားပါတယ်” လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသူ (၇) ဦးကတော့ အမျိုးသား (၃)ဦးနဲ့ အမျိုးသမီး (၄) ဦးတို့ဖြစ်ပြီး လက်ရှိမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဟဲဟိုးမြတ်စေတနာ လူမှုကူညီရေးအသင်းယာဉ်နဲ့ ဟဲဟိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo-MFSD
#voiceofmyanmar #VOM #ဟဲဟိုး

Related posts

Leave a Comment

VOM News

FREE
VIEW