မူဆယ်နယ်စပ်ဂိတ်ကနေ စီးပွားရေးနိုင်ငံကူးလက်မှတ်နဲ့ ဝင်/ထွက်ခွင့်ပြုတော့မယ်

စက်တင်ဘာ ၂၉၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဂိတ်ကနေ အောက်တိုဘာ ၁ ရက်နေ့ကစ စီးပွားရေးနိုင်ငံကူးလက်မှတ်(Bussiness Passport)နဲ့ ဝင်/ထွက်ခွင့်ပြုတော့မှာဖြစ်တယ်လို့ နယ်စပ်ဒေသခံတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အခုဟာက ၁ ရက်နေ့က Bussiness Visa ပေးမှာ။ တခြားဟာ မရသေးဘူး။ အဲဒါက နောက် တဖြည်းဖြည်းနဲ့တော့ သူ လုပ်လိမ့်မယ်၊ Bussiness Visaက တကယ့်လုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေအတွက်သာဖြစ်တာကြောင့် သာမန် အောက်ခြေလူတန်းစားတွေအတွက်တော့ ဘာမှ အကျိုးမထူးဘူး။”လို့ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

နယ်စပ်ကုန်သည် ၁ ဦးက “ဒီ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် Border Pass ကို လုပ်ပေးရမှာ အမှန်က။ နိုင်ငံကူးလက်မှတ် လုပ်ရတာ လွယ်တာမဟုတ်ဘူး၊ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကို တရုတ်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေဖြစ်တဲ့ မူဆယ်ခရိုင်အတွင်းက အိမ်ထောင်စုတွေကိုသာ ထုတ်ပေးတယ်ဆိုပေမယ့် ငွေပေးနိုင်သူတွေကို လုပ်ပေးနေတယ်”လို့ ပြောပါတယ်။

တရုတ်ဘက် အလုပ်လုပ်နေသူ နယ်စပ်ဒေသခံ မိန်းကလေး ၁ ဦးကလည်း “လားရှိုး ပတ်စ်ပို့ရုံးမှာ တိုကင်သွားပေးထားတာ ၈ လပိုင်း ကတည်းက။ နောက်နှစ်မှ အလှည့်ရတယ်၊ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ တစ်ပတ်တစ်ခါ ထွက်ရင် အလုပ်ပျက်လို့ လုပ်ခနုတ်ခံရသလို မထွက်နိုင်ရင် ၁ လ တစ်ခါ အထွက်တံဆိပ်တုံးလာထုရင်လည်း မြန်မာဘက်ခြမ်း ရုံးကို ၁ လစာ တရုတ်ငွေ ယွမ် ၃၀၀ ပေးရတာကြောင့် နိုင်ငံကူးလက်မှတ်နဲ့ ရလိုရငြား သွားလျှောက်ဖို့ လုပ်ကြည့်တာ”လို့ ပြောပါတယ်။

လက်ရှိ ခွင့်ပြုမယ့် စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ် (BP – Passport for Business) လျှောက်ထားလိုသူတွေအနေနဲ့ ကုမ္ပဏီ မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၁ စုံ၊ ပုံစံ (၆/၂၆) မူရင်းနဲ့ မိတ္တူ ၁ စုံ လိုအပ်ပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့တွေမှာရှိတဲ့ နိုင်ငံကူးလက်မှတ် စိစစ်ထုတ်ပေးရေးရုံးတွေမှာ လျှောက်ထားရယူနိုင်ကြောင်း မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ရေးရာ ထောက်ပံ့ကူညီရေးအဖွဲ့ (Consular Assistance for Myanmar Citizines)က စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံထဲ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ဝင်ရောက်လိုသူတွေအနေနဲ့ (BP – Passport for Business) စီးပွားရေး မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ၂၀၂၃ အောက်တိုဘာ ၁ ရက်နေ့ကစ ဝင်ရောက်နိုင်မှာဖြစ်ပြီး နိုင်ငံကူးလက်မှတ် ရယူပြီးနောက် ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး (သို့မဟုတ်) မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးတွေမှာ ဗီဇာ (Business Visa) လျှောက်ယူပြီးနောက် ကျယ်ဂေါင် – မူဆယ် သတ်မှတ်ထားတဲ့ ဂိတ်ပေါက်မှ တရုတ်နိုင်ငံထဲ ဝင်ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တရုတ် – မြန်မာ ကုန်းလမ်း နယ်စပ်ဂိတ်ပေါက် ကနေ ဝင်ရောက်မှာဖြစ်ကြောင်း ရန်ကုန်၊ မန္တလေးမြို့တွေက သံရုံ၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ဗီဇာလျှောက်တဲ့အခါ တခါတည်း အသိပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဗီဇာကို ပထမဆုံးအကြိမ် ရက်ပေါင်း ၃၀ အထိသာ နေထိုင်ခွင့်ပေးပြီး ရက်ပေါင်း ၃၀ ပြည့်ရင် တရုတ်နိုင်ငံကနေ ပြန်ထွက်ကာ ဗီဇာပြန်လျှောက်ရမှာဖြစ်ပြီး ဒုတိယ အကြိမ် နဲ့ တတိယ အကြိမ်ကိုလည်း ရက်ပေါင်း ၃၀ သာ ဗီဇာသက်တမ်းခွင့်ပြုပေးကြောင်း၊ တတိယအကြိမ်မှာ အာမခံတဲ့ တရုတ်နိုင်ငံ ကုမ္ပဏီအပေါ် မူတည်ပြီး လုပ်ငန်းကို တယ်ဟုန်ခရိုင်၊ နိုင်ငံခြားသားများ ပြည်ဝင်၊ပြည်ထွက် ကြီးကြပ်ရေး ဗျူရိုသို့ အာမခံပေးတဲ့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီထောက်ခံချက်တင်ပြပြီး လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအဆင့်မှာမှ PJ – Passport for Job နဲ့ တရုတ်နိုင်ငံ ဝင်ရောက်ခြင်းကို တရုတ် – မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) လက်မှတ်ရေးထိုးချြင်းကို အစိုးရချင်း (G to G)နဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် အဖွဲ့အစည်းများ (B to B အဆင့်လိုက် ဆောင်ရွက်ပြီးနောက် လုပ်ငန်းစဉ်တွေကို ဆက်လက်အသိပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဲဒီ ထုတ်ပြန်စာအရ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မူဆယ် #စီးပွားရေးနိုင်ငံကူးလက်မှတ် #နယ်စပ်ဝင်ထွက်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW