ရန်ကုန် အင်းယားမြိုင်လမ်း မီးလောင်မှု လူ ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၃
SP + SN ( VOM)

ရန်ကုန်တိုင်း ၊ ဗဟန်းမြို့ ၊ ရွှေတောင်ကြား ၂ ရပ်ကွက် ၊ အင်းယားမြိုင်လမ်းမှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး လူသေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီဝန်းကျင်က မီးစလောင်တယ် ၊ အချိန် မကြာလိုက်ဘူး ၊ ၁၁ နာရီဝန်းကျင်မှာ မီးငြိမ်းသွားတယ် ၊ အဲ့ဒီ မီးလောင်တဲ့ဖြစ်စဥ်မှာ အသက် ၇၀ နဲ့ ၅၀ အရွယ် အမျိုးသမီး သေဆုံးတယ် ၊ သေဆုံးရတာက မီးခိုးမွန်းပြီး အောက်စီဂျင်ပြတ်တောက်လို့ ဖြစ်တယ် “လို့ ဗဟန်း ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုဟာ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ ကျော်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ပထမတော့ အိမ်မှာ အဘွားကြီးတယောက်ပဲ ရှိတယ်ထင်နေတာ။ သူက နားသိပ်မကောင်းဘူးလို့ သိရတယ်။ သူ့အလောင်းကို မီးလောင်ပြင် အိမ်အပေါ်ထပ်မှာ အရင်တွေ့တာ။ နောက်မှ နောက်ထပ်အလောင်းတလောင်းကို တွေ့ရတာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့နဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး မနက် ၁၀ နာရီ၊ ၃၃ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကာ ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW