အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၃
SP ( VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာရှိတဲ့ ကျောက်ဖူးကျေးရွာနားမှာ ဒီမနက် အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရ ၊ ဖမ်းဆီးခံရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” ကျောက်ဖူးရွာဆိုတာ ၊ ကိုင်းရွာနဲ့ ရှင်မတောင် တောင်အနားဝန်းကျင်မှာရှိတယ် ၊ ချောင်းကြီး တချောင်းရှိတယ် ၊ အဲ့ဒီနားမှာ စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ လိုကယ် လက်နက်ကိုင်အဖွဲ့ စခန်းကို စစ်ကြောင်းက ဝင်စီးတာလို့ သိရတယ် ၊ သေဆုံး ၁၀ ယောက်ရှိပြီး စိုးရိမ်ရ ဒဏ်ရာနဲ့ လူနာတွေလည်းများတယ် ခန့်မှန်း လူ ၂၀ ကျော်လောက်ရှိမယ် ၊ သူတို့အားလုံး ဖမ်းခံရတာဖြစ်တယ်” လို့ ဒေသခံ ပရဟိတ သမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကျောက်ဖူးရွာဘက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ လော်ကယ် စခန်းတခု သိမ်းဆည်းရမိတယ် ၊ ကနဦးသိရတာက ဖမ်းဆီးရမိတဲ့ အလောင်း ၁၀ လောင်းကျော်တယ် ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ် ၊ အကြောင်းစုံတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။
ပခုက္ကူမြို့ခံ တယောက်က ” ပခုက္ကူ-မြိုင်ကားလမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ မနက် ၈ နာရီ ခွဲ ဝန်းကျင်က ပခုက္ကူမြို့ပေါ်မှာနေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဟောင်း တစ်ဦး ၊ ဖမ်းဆီး ပစ်သတ်ခံရတယ် ၊ ဖမ်းဆီး သတ်ဖြတ်ခံရသူဟာ ပခုက္ကူမြို့ ၊ အမှတ် (၅) ရပ်ကွက်နေ ဦးဆွေလင်း (၅၁) နှစ်ဖြစ်တယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းကလည်း ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေတဲ့ ဆန်ကုန်သည် ဦးအောင်မိုး ဆိုသူဟာ နေအိမ်မှာရှိနေတုန်း အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကိုခံရတယ် ” ပြောပါတယ်။
ပခုက္ကူမြို့ပေါ်မှာ နေထိုင်တဲ့ ကုန်သည်ပွဲစား လုပ်ကိုင်သူတွေ ပြန်ပေးဆွဲ ဖမ်းခံရတာတွေ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ပခုက္ကူမြို့ ၊ အမှတ် ၉ ရပ်ကွက်နဲ့ အမှတ် ၁၀ ရပ်ကွက်ကြားမှာနေတဲ့ ဆီစက်လုပ်ငန်းရှင် ဦးဝင်းထိန်ဆိုသူလည်း ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး ငွေနဲ့ပြန်ရွေးရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက် ကလည်း ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာနားက Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲခံရပြီးနောက် ဇန်နဝါရီ ၂၈ ရက်က သိန်း ၂ ထောင်နဲပြန်လည်လွတ်မြောက်လာတယ်လို့ အဲ့ဒီ စက်ရုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ၂၀၂၂ တုန်းက ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူဟာ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်အလာ လမ်းမှာ ပြန်ပေးဆွဲ အဖမ်းခံရတယ် ၊ သိန်း တစ်ထောင်နဲ့ ပြန်ရွေးရမယ်ဆိုတော့ သူ့မိသားစုက သွားပြန်ရွေးချိန်မှာ ဦးအောင်ထွန်း ဆိုသူဟာ သတ်ဖြတ်လိုက်ပြီးဖြစ်နေပါတယ် ၊ အဲဒီနောက် ပခုက္ကူမြို့ပေါ်က လက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ လုပ်ငန်းရှင် အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတယ် ၊ သူ့ကိုတော့ အချိန်မီကယ်တင်နိုင်ခဲ့တယ်” လို့ ပခုက္ကူမြို့ခံတွေက VOM ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ လုယက်ဓားပြတိုက်တာတွေ ၊ လူပြန်ပေးဆွဲ ဖမ်းဆီးတာတွေကြောင့် ပခုက္ကူနယ်ခံ ကုန်သည် ပွဲစား ၊ စက်ပိုင်တွေဟာ နေရပ်စွန့်ခွာပြီး တခြားမြို့တွေကို ပြောင်းရွေ့နေထိုင်ကြသူ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Telegram Link: https://t.me/VOMNEWS2023/2913