မူဆယ်မှာ ဒီရက်ပိုင်းအတွင်း ငွေလဲလုပ်ငန်းရှင်တွေ ပစ်ခတ်လုယက်ခံရတာတွေများလာ

အောက်တိုဘာ ၊ ၁၂ ၊ ၂၀၂၃
SP ( VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ – တရုတ် ၂ နိုင်ငံ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း ငွေလဲလုပ်ငန်းရှင်တွေ တချို့ ပစ်ခတ်လုယက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မြန်မာငွေနဲ့ တရုတ်ငွေ လဲပေးတဲ့ လုပ်ငန်းရှင်တွေ သေနတ်နဲ့ ပစ်ခတ်ပြီး ပိုက်ဆံလုခံရတာဖြစ်တယ် ၊ အဲ့ဒီလို လုယက်ခံရတာ ဒီရက်ပိုင်းအတွင်း သုံးလေးဦးရှိတယ် ၊ ပစ်ခတ်မပါပဲ လုခံရတာတော့ ခဏခနဖြစ်တယ် ” လို့ မူဆယ်ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က မူဆယ်မြို့လယ် နာရီစင်နားမှာ ငွေလဲ လုပ်ကိုင်နေသူ အမျိုးသမီး တယောက် သေနတ်နဲ့ ပစ်ခတိခံရပြီး ပိုက်ဆံတွေ လုယက်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပစ်ခတ်တာကြောင့် ငွေလဲလုပ်ငန်းရှင် ခြေတောက် ၂ ဖက်စလုံး သေနတ်ဒဏ်ရာရပြီး မြန်မာငွေ သိန်း ၁၀၀ ကျော်နဲ့ တရုတ်ငွေ ၁၀၀၀ ကျော် ပါသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မန်ဝိန်းဘက်မှာလည်း ငွေလဲ လုပ်ငန်းရှင် အမျိုးသမီးတဦး လုယက် ခံရတယ်လို့ သိရပါတယ်။
” ငွေလဲ လုပ်ကိုင်သူတွေ လုယက်ခံရတာ အကြိမ်ကြိမ်ဖြစ်တယ် ၊ မူဆယ်မှာက ငွေလဲ လုပ်ငန်းတွေကို လိုက်ပြီး လုယက်နေတဲ့ ဂိုဏ်းအဖွဲ့ သပ်သပ်ရှိတယ် ၊ လုခံရတဲ့ လူတချို့က ရဲစခန်းကို မတိုင်ကြဘူး ၊ တိုင်ရင်လည်း ပြန်မရတာကများပြီး အလုပ်များရတယ် ၊ဘာကြောင့် အခုလို လုသလဲဆိုရင် မူဆယ်မှာက နယ်စပ်မြို့ဖြစ်ပြီး စီးပွားရေး မပြေလည်တဲ့ သူတွေရှိတယ် ၊ နောက်ပြီး လောင်းကစားဂိမ်းတွေပေါတယ် ၊ မူးယစ်ဆေးဝါးနဲ့ အရက်ဘီယာတွေ သောက်စားသူတွေလည်းရှိတယ် ၊ ပျော်ပါးဇုန်တွေကလည်း ညလုံးပေါက် ဖွင့်တယ် အဲ့ဒါကြောင့် လူငယ်တွေဟာ ဖြတ်လမ်းကနေ ပိုက်ဆံရှာပြီး သုံးစွဲနေသူတွေလည်းရှိတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီလို မူဆယ်မြို့မှာ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး မူဆယ်မြို့ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” မူဆယ်မှာက အိမ်စီးကားတွေ လုယက်ခံရတယ် ၊ ငွေလဲလုပ်ငန်းရှင်တွေ လုယက်ခံရတယ် ၊ နောက်ပြီး ဆိုင်ကယ်နဲ့ လူသုံးကုန် ပစ္စည်း လုယက်ခံရတာတွေရှိတယ် ၊ နယ်စပ်မြို့ဆိုတော့ ဒီဘက်က ဖမ်းရင် ၊ ဟ်ိုဘက်ကမ်းပြေးပုန်းတယ် ၊ သက်သေခံ ပစ္စည်းနဲ့အတူ တရားခံပေါက်တာတွေ ဖမ်းဆီးရမိတာတွေရှိတယ် ၊ အမှုမပေါ်သေးတာက များတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မူဆယ်မြို့မှာ အိမ်စီးကား တစ်စီးလုယက်ခံရပြီး အဲ့ဒီ လုယက်ခံရတဲ့ကားနောက်ကို ရဲတွေက လိုက်လံ ပစ်ခတ် ဖမ်းဆီးတဲ့အခါ ကားလုယူသူ ၄ ဦးအနက် ၁ ဦးသေ ၊ ၂ ဦးအရှင်မိ ၊ ၁ ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မူဆယ် ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW