ကြံတတန်ကြမ်းခင်းဈေး တသိန်းနှစ်သောင်း အထက်ရမှသာ အဆင်ပြေမယ်

အောက်တိုဘာ ၁၃ – ၂၀၂၃
SN (VOM)
ကြံစိုက်ရာမှာ စိုက်ပျိုးစရိတ်အပါအ၀င် တခြားကုန်ကျစရိတ်တွေပါ မြင့်တက်နေတာကြောင့် အခုနှစ် ကြံရာသီအတွက် ကြံတတန် ကြမ်းခင်းစျေးနှုန်း ကျပ် ၁၂၀၀၀၀ အထက် ရမှသာ အဆင်ပြေနိုင်မယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်က သကြားစက်ရုံနှစ်ခုဖြစ်တဲ့ ငွေရည်ပုလဲနဲ့ မိုင်းရယ်သကြားစက်ရုံတွေက အခုလာမယ့် ၂၀၂၃ – ၂၀၂၄ ကြံစိုက်ရာသီမှာ ကြံတတန်ကို ၁၂၀၀၀၀ ကျပ်နဲ့ ဝယ်ယူမယ်ဆိုပြီး စတင်စျေးဖွင့်ထားပါတယ်။
ဒါပေမယ့် စိုက်ပျိုးရေးသုံး သွင်းအားစုတွေဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် တခြားသော ဆေးဝါးဈေးတွေ၊ ဒီဇယ်ဈေးနဲ့ အလုပ်သမား ငှားရမ်းခဈေးနှုန်းတွေရဲ့ ကုန်ကျစရိတ်ကြောင့် အခု ဖွင့်ထားတဲ့ ကြမ်းခင်းဈေးဟာ တောင်သူတွေအတွက် စရိတ်စက ကာမိရုံလောက်သာရှိတဲ့အပြင် စက်ရုံအရောက်ပို့ပေးရတဲ့ ဈေးနှုန်းဖြစ်တာကြောင့် ကားငှားရမ်းခ၊ အလုပ်သမားငှားရမ်းခဈေးတွေ ထပ်မံနှုတ်ပါက တောင်သူတွေအတွက် အသားတင်ကျန်ငွေဟာ ကြံတတန်ကို တသိန်းနီးပါးသာရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
“ကြံ‌ဈေးက ဒီနှစ်က အမြင့်ဆုံးပေးထားတာ မှန်ပေမယ့် အားလုံးသိတဲ့အတိုင်း လက်ရှိမှာ လုပ်သားစရိတ်၊ ထွန်ယက်ခနဲ့ မြေဩဇာဈေးနှုန်းတွေက အဆမတန်ကို မြင့်တက်နေတာလေ။ ဒါ့ကြောင့် ဒီနှစ်အတွက် ကြံတတန်ကို ကျပ် ၁၃၀၀၀၀ နဲ့ ၁၅၀၀၀၀ ဝန်းကျင်ဈေးလောက် ရမှသာ ကျွန်တော်တို့တွေအတွက် တွက်ခြေကိုက်နိုင်မယ်” လို့ နေပြည်တော်မှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။
ကြံဟာ တနှစ်မှာ တသီးစားသာ စိုက်ပျိုးရတာဖြစ်ပြီး စနစ်တကျစိုက်ပျိုးပါက တဧကကို ပျှမ်းမျှ တန် ၃၀ ဝန်းကျင်ထွက်ရှိပြီး ထွန်ယက် စိုက်ပျိုးတာကနေ ဈေးကွက်ရောက်တဲ့အထိ ပျမ်းမျှ ငွေကျပ် ၁၈ သိန်းကနေ ကျပ်သိန်း ၂၀ လောက် ကုန်ကျတယ်လို့ သိရပါတယ်။
“အခုက အစစအရာရာ ဈေးတက်နေတာလေ။ ကုန်ကျစရိတ်တွေကလည်း မနည်းဘူး။ တနှစ်ထက်တနှစ် စိုက်ပျိုးစရိတ်က လျော့သွားတယ်မရှိဘူး။ အတက်ဘက်ကိုချည်း သွားနေတာ။ အဲ့ဒါကြောင့် အခုနှစ် ကြံခုတ်ရာသီအတွက်က ကြံတတန်ကို ၁၃၀၀၀၀ ကျပ်ကနေစပြီး ဈေးပိုပေးမှ အဆင်ပြေမယ်” လို့ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။
သကြားစက်ရုံတွေက ကြံတတန်အတွက် ဖွင့်ထားတဲ့ဈေးနှုန်းဟာ စက်ရုံအရောက်ဈေးဖြစ်တဲ့အပြင် ကြံရာသီရောက်တဲ့အခါမှာ သကြားဈေးတက်ရင်တောင်မှ ထပ်ပြီးပြောင်းလဲဖို့အလားအလာ မရှိနိုင်တဲ့အတွက် တောင်သူတွေက အဖွင့်ဈေးကို အခုပေးတဲ့ဈေးထက်ပိုပြီး အမြင့်ဈေးမှန်းနေကြတာပါ။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက “လက်ရှိမှာ ကြံတတန်ဈေး ၁၂၀၀၀၀ က သကြားဈေးကလည်းမြင့်သလို တောင်သူတွေအတွက်ကလည်း သွင်းအားစုဈေးတွေမြင့်တော့ အခုလို ဈေးတက်ပေးတာပါ။ အရင်နှစ်ကလည်း ဒီလိုပါပဲ၊ ‌ဈေးကို ၈၅၀၀၀ ကနေစပြီး ၁ သိန်းအထိ ပေးသွားတာပါပဲ။ အခုဈေးနှုန်းက‌ တချို့ နေရာဒေသအပေါ် မူတည်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့‌‌ဈေးထက် ကွာဟတာလည်း ရှိတာပေါ့။ အထွက်နှုန်းကောင်းတဲ့ နေရာဆိုရင်တော့ အသင့်အတင့်ပေါ့။ အထွက်နှုန်းနည်းရင်တော့ တောင်သူတွေအတွက်တော့ နည်းနည်းလေး လိုအပ်ချက်ရှိတာပေါ့။ လက်ရှိ သကြားဈေးနဲ့တွက်ရင်တော့ နည်းနည်းတော့ ထပ်တိုးဦးမယ်လို့ မျှော်လင့်တာပဲ။ သကြားဈေးကလည်း တပိဿာ ၃၇၀၀ ဝန်းကျင်မှာ ရှိနေတာဆိုတော့ သူတို့ ထပ်တိုးပေးဦးမယ်ဆိုရင် တိုးပေးလို့ရတဲ့ အနေအထားတခုတော့ ရှိတယ်လို့ ပြောလို့ရပါတယ်” လို့ သုံးသပ် ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကြံစိုက်တောင်သူပေါင်း ၃ သိန်းကျော်အထက်မှာရှိပြီး နှစ်စဉ်ပျမ်းမျှ ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်ဝန်းကျင်ရှိကာ အဲ့ဒီ့စိုက်ပျိုးမှုကနေ သကြားထုတ်လုပ်မှုဟာလည်း နှစ်စဉ်ပျမ်းမျှ တန်ချိန်ပေါင်း ၄ သိန်းခွဲမှ ၅ သိန်းကြား ရှိတယ်လို့ သိရပါတယ်။
ကြံကို ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ အများဆုံး စိုက်ပျိုးကြပြီး ပဲခူးတိုင်း (အရှေ့ပိုင်းနဲ့ အနောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်းတိုင်း ဥက္ကံမြို့နယ်တို့မှာလည်း စိုက်ပျိုးမှုတွေရှိကာ နှစ်စဉ် ဩဂုတ်၊ စက်တင်ဘာ စတဲ့ လတွေမှာ ကြံသီးနှံကို ကြမ်းခင်းဈေးနှုန်းတွေ သတ်မှတ်ပြီး သကြားစက်တွေက ဝယ်ယူလေ့ရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW