တောင်သူတွေအတွက် မြေကြီးက ရွှေသီးနိုင်အုံးမှာလား

အောက်တိုဘာ ၁၃ -၂၀၂၃
GG(VOM)
မိုးစပါး အခြေခံရည်ညွန်းစျေးအဖြစ် တင်း ၁၀၀ ကို ၇၅၀၀၀၀ ကျပ်ဆိုပြီးသတ်မှတ်ကြောင်း တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
၇၅၀၀၀၀ ဆိုတဲ့ ပမာဏဟာ ရောင်းဝယ်ဖို့စျေးမဟုတ်ပဲ ကြမ်းခင်းစျေးလို့ဆိုပေမယ့်လည်း ဒီနေ့ ခေတ်နဲ့လျော်ညီခြင်းမရှိတဲ့အပြင် ပြင်ပပေါက်စျေးကွက်နဲ့ပါ ထက်ဝက်လောက်ကွာဟနေတာကြောင့် စပါး စိုက်တောင်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေမြင့်တက်နေတာဖြစ်ပါ တယ်။
လက်ရှိပြင်ပစျေးကွက်မှာ ၁၅ သိန်းအထိ စျေးပေါက်နေ ချိန်မှာ ထက်ဝက်ကွာတဲ့ နူန်းကို အခြေခံစပါးရည်ညွှန်းစျေးအဖြစ်သတ်မှတ်မှုအပေါ် ကုန်သည်တွေ၊ပွဲစားတွေ လည်သလိုလုပ်စားသွားမှာကို စိုးရိမ်နေရတယ်လို့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
“သူတို့ကနှစ်တိုင်းသတ်မှတ်သလိုမျိုး အခြေခံရည်ညွန်းစျေးသတ်မှတ်တာမှန်တယ်၊ စျေးကွက်ပေါက်စျေးကများရင်ပေါက်စျေးရောင်းရမယ်လို့ဆိုပေမယ့်လည်း ဒီစျေး သတ်မှတ်တာကို လယ်သမားတွေကမကြိုက်ဘူး။ကုန်သည် နင်းကွက်ပိုဖြစ်တာပေါ့ ၊ခုချိန်ကြီးမှ သူကထပြီးခုလိုသတ်မှတ်တယ်၊တောင်သူလက်ထဲအခုမှ စပါးစပေါ်ရုံရှိသေးတယ်၊ ကျနော်တို့လယ်သမားတွေလည်း စပါးရောင်းပြီးဆန်ပြန်ဝယ်စားရတာ၊အဲ့တော့ ဒီစျေးကို တစ်နှစ်ပတ်လုံး သတ်မှတ်မလား ၊အဲ့ဒါမျိုးမဟုတ်ဘဲ လယ်သမားလက်ထဲစပါးကုန်ချိန် ၁၂ လပိုင်းလောက်ဆိုကုန်ပြီ၊အဲ့အချိန်ကျ သိန်း ၂၀ တို့ဘာတို့ဖြစ်ပြီဆို လယ်သမားသေပြီပေါ့၊နစက အစိုးရကိုလည်းသိစေချင်တယ် အောက်ခြေမြေပြင်ကိုဆင်းကြည့်ပါ၊လယ်သမားတွေလည်းဒုက္ခရောက်နေပါတယ်၊စပါးစျေးနူန်းကထိုက်သင့်တဲ့အတိုင်းတာလေးတော့ဖြစ်သင့်ပါတယ်။လယ်သမားလက်ထဲကုန်ပြီဆိုရင်အကြောင်းမျိုးစုံပြပြီးစျေးတက်တာပဲ” လို့ဆိုပါတယ် ။
ခုလိုစပါးပေါ်ချိန်ရောက်တိုင်း စပါးစျေးကိုထိန်းချုပ်မှုတွေလုပ်လာတာကြောင့် လယ်ဧကအများအပြားရှိတဲ့ လယ်သမားတချို့ကတော့ လာမယ့်နှစ်နွေစပါး နဲ့ မိုးစပါးကို စျေးကွက်အခြေအနေကြည့်ပြီး မိမိစားဝတ်နေရေးအတွက်လုံလောက်ရုံပမာဏသာ စိုက်ပျိုးပြီး ဧကလျှော့လုပ်ဖို့ စဥ်းစားမှုတွေရှိလာတယ်လို့ သိရပါတယ် ။
” ကျနော်နဲ့သိတဲ့ လယ်များတဲ့သူတော်တော်များများကတော့ နောက်နှစ် စပါးစိုက်ဖို့စဥ်းစားလာကြတယ်၊ကိုယ်စားဖို့အတွက်ပဲစိုက်မယ်။အပိုမစိုက်တော့ဘူး၊စပါးအစာ ပဲကိုပဲ ပိုပြီးလုပ်မယ် ဆိုတဲ့ ပုံစံမျိုးစဥ်းစားနေကြပြီ ” လို့ သူထပ်မံပြောပြပါတယ်။
ခုနှစ်မိုးစပါးစိုက်ပျိုးမှုကုန်ကျစရိတ်က သုံးစွဲရတဲ့ မြေဩဇာ၊ပိုးသတ်ဆေး၊လယ်စက်မောင်းခ၊စပါးမျိုး၊ပေါင်းမြက်ဆေး၊အလုပ်သမားငှားရမ်းခ ၊ စပါးရိတ်ချွေခ အားလုံးစျေးမြင့်တက်လာလို့ တစ်ဧကကို ၅ သိန်းကနေ ၇ သိန်းအထိကုန်ကျမှုရှိတယ်လို့ဆိုပါတယ်။
ဒါကြောင့် စပါး ပေါင် ၅၀ တင်း ၁၀၀ ကို အနိမ့်ဆုံး ၁၅ သိန်းရပြီး စပါး ၈၀ လောက် ထွက်မှသာ လယ်သမားအတွက် အကျိုးအမြတ်ရရှိမှာဖြစ်တယ်လို့ ဆိုကြ ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင်ကတော့ ” စျေးနူန်းကအကုန်လုံးကို လွှမ်းခြုံပြီး လုပ်တာဖြစ်တယ်၊တစ်ယောက်ချင်းကတူချင်မှတူမယ်၊တချို့ကအဲ့လောက်မကုန်တဲ့သူငြိမ်နေပါတယ်၊၇သိန်း ၆ သိန်းတို့ပြော ပေမယ့် တချို့က ၃ သိန်းခွဲ ၄ သိန်းနဲ့အဆင်ပြေနေသူကလည်းရှိပါတယ်၊၅ သိန်းလောက်မှာအဆင်ပြေနေတဲ့သူတွေကငြိမ်နေပါတယ် ” လို့ အောက်တိုဘာလ ၁၂ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ် ။
တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်တဲ့ အခြေခံစပါးရည်ညွှန်းစျေး ၇၅၀၀၀၀ ဆိုတာဟာလည်း ကြမ်းခင်းစျေးသတ်မှတ်တာသာဖြစ်ပြီး ရောင်းဝယ်ရမယ့်နူန်းမဟုတ်ကြောင်း၊ MRF ကထုတ်ပြန်တဲ့ စပါးစျေးကသာ ရောင်းဝယ်ရမယ့် market price ဖြစ်တယ်လို့ ပြောပါတယ်။
” မနှစ်ကထုတ်ပြန်တာ ၆၃၀၀ ၊ ခုနှစ်တော့ ၇၅၀၀ပေါ့ ၊ အခြေခံ စျေးဆို ကြမ်းခင်းစျေး floor price ဖြစ်ပါတယ်။ဒါကိုတချို့က အရောင်းအဝယ်လုပ်ရမယ်ဆိုပြီး မှားယွင်းမှတ်နေပါတယ်၊တကယ်တော့ဒါဟာ အခြေခံစျေးဖြစ်တယ်၊အခြေခံစျေးဟာ အောက်ကိုကျမသွားအောင်ခံပေးထားတဲ့စျေးဖြစ်ပါတယ်။ ဒီရည်ညွှန်းစျေးတွေနဲ့ပတ်သက်ပြီးနားလည်မှုရှုပ်ထွေးသွားတဲ့အပေါ်ကျနော်တို့အနေနဲ့ စိတ်မကောင်းပါဘူး၊စျေးကွက်စျေးနူန်းက MRF ကကြေငြာထားပါတယ် ” လို့ MRF ဥက္ကဋ္ဌဖြစ်သူဦးရဲမင်းအောင်ကပြောပါတယ် ။
အလားတူ ထုတ်ပြန်တဲ့စာမှာလည်း လက်ရှိစျေးကွက်ပေါက်စျေးက အခြေခံရည်ညွန်းစျေး ၇၅၀၀၀၀ ကျပ်ထက် ပိုမြင့်နေရင် စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရမယ်လို့ဖော်ပြထားပါတယ်။
စပါးစျေးကွက်မှာ ရောင်းဝယ်ရမယ့်MRF ကထုတ်ပြန်ထားတဲ့စပါးစျေးက ဧည့်မထ၊ ငစိန် အုပ်စုဝင်စပါးကို ၁၃ သိန်းကနေ ၁၅ သိန်း၊ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေါ် ဆန်းကို ၁၆ သိန်းကနေ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းက​နေ သိန်း ၂၀ ကျပ်အထိ ရောင်းဝယ်ဖို့သတ်မှတ်ထားတာဖြစ်ပါတယ်။
” ဆန်အသင်းက ၁၃သိန်း ကနေ ၁၅ သိန်းဝယ်ဖို့ထုတ်ပြန်တာတောင် နည်းလို့ ပြောနေကြတာကို သူတို့ထုတ်တဲ့ ၇သိန်းခွဲက ထပ်ထုတ်တယ်၊၇သိန်းခွဲက ရောင်းဝယ်စျေးမဟုတ်ဘူးဆိုတာသိပေမယ့်လည်း အသင်းကထုတ်တာနဲ့ယှဥ်ရင် တဝက်လောက်ဟနေတယ်၊အဲ့တော့ ဒီလောက်ကွာတဲ့နူန်းကိုဘယ်လိုစိတ်နဲ့များထုတ်လဲပေါ့၊တကယ်သာစပါးစျေးပြုတ်ကျမှာစိုးလို့ အခြေခံ စျေးထုတ်ချင်တယ်ဆိုရင် ဆန်သပါးအသင်းရဲ့ အနိမ့်ဆုံး ၁၃ သိန်းလုပ်လိုက်ပေါ့၊အဲ့ဒါထက်ပိုရင် ပိုစျေးတိုင်းဝယ်ပေါ့ မဟုတ်ဘူးလား၊ခုက ထုတ်တဲ့စျေးက ရယ်စရာကြီးဖြစ်နေတယ်၊အဖွဲ့နာမည်ကျတော့ တောင်သူလယ်သမားအကျိုးဘာညာနဲ့ လုပ်တာကတလွဲ ” လို့ ပဲခူးတိုင်း အနောက်ခြမ်းက တောင်သူတစ်ဦးက ပြောပါတယ်။
ဦးရဲမင်းအောင်ကတော့ စပါးစျေးသတ်မှတ်ထုတ်ပြန်တာဟာ ဆန်စျေးနူန်းမြင့်တက်မှုကိုထိန်းချုပ်ဖို့ အတွက်လုပ်ဆောင်တာဖြစ်ပြီး လက်ရှိသတ်မှတ်လိုက်တဲ့ အနိမ့်ဆုံး ၁၃ သိန်းကနေ အမြင့်ဆုံး သိန်း ၂၀ ဆိုတဲ့ပမာဏဟာ လယ်သမားအတွက် စိုက်ပျိုးကုန်စရိတ်ကို သေချာတွက်ချက်ပြီးမှ သတ်မှတ် တာဖြစ်လို့ လယ်သမားတွေ ကုန်ကျစရိတ်နူတ်ပြီးရင် ထက်ဝက်မကအကျိုးအမြတ်ရရှိမယ့်နူန်းဖြစ်တယ်လို့ ပြောပါတယ်။
စပါးစျေးနိမ့်ချိန်မှာ တောင်သူကို ငဲ့ကြည့်ရတာမျိုးလုပ်ရသလို ဆန်စျေးမြင့်တက်ချိန်မှာ လည်း စားသုံးသူကို ငဲ့ကြည့်ရတာကြောင့် ဆန်စျေးထပ်မတက်အောင်နဲ့ စျေးနူန်းတွေကျအောင် စျေးကွက်မှာရောင်းဝယ်ရမယ့်နူန်းကို အသင်းကတွက်ချက်ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
​MRF ကတော့ ခုနှစ်မိုးစပါးမှာမှ စျေးကွက်ရောင်းဝယ်ရမယ့်နူန်းကို သတ်မှတ်ထုတ်ပြန်တာဖြစ်ပြီး တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကတော့ ၂၀၁၈ လောက်ကတည်းက မိုးစပါးအခြေခံရည်ညွှန်းစျေးကို ထုတ်ပြန်လာတာဖြစ်ပါတယ်။
၂၀၂၂ မိုးစပါးရာသီချိန်မှာ မိုးစပါးအခြေခံရည်ညွှန်းစျေးအဖြစ် တင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်ခဲ့ပြီး ပြင်ပ စျေးကွက်ပေါက်စျေးက ၁၀၅၀၀၀၀ ကနေ ၁၁၅၀၀၀၀ အထိ ရှိခဲ့ပါတယ်။
မိုးစပါးစိုက်ပျိုးမှုနဲ့ နွေစပါးစိုက်ပျိုးမှုမှာ နွေစပါးက ကုန်ကျစရိတ်သက်သာပြီး စပါးအထွက်နူန်းလည်းပိုရပြီး မိုးစပါးကတော့ စိုက်ပျိုးစရိတ်ပိုကုန်ကျတဲ့အပြင် စပါးအထွက်နူန်းကလည်း တဧကို ၅၀ သာထွက်တဲ့လယ်အများအပြားရှိတယ်လို့သိရပါတယ်။
ဒါ့ကြောင့် စပါး ပေါင် ၅၀ နဲ့ တင်း ၁၀၀ ကို ၁၆ သိန်းရ ဖို့ရမှသာ တဧကို စပါး ၅၀ ထွက်တဲ့လယ်သမားက အကျိုးအမြတ်ကိုခံစားရမှာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ မိုးစပါးစတင်ရိတ်သိမ်းနေတဲ့ လယ်သမားတွေဟာ စပါးကိုသိုလှောင်ထားချင်ကြပေမယ့်လည်း ရာသီဥတု နေမသာတာကတကြောင်း၊စပါးသိုလှောင်ဖို့နေရာမရှိတာကတကြာင်း၊ချေးငှားထားတာတွေအတွက် ပြန်လည်ပေးဆပ်ရမှာတွေကြောင့် ရိတ်လို့ရသမျှစပါးတွေကို အနိမ့်ဆုံး ၁၃ သိန်းကနေ အမြင့်ဆုံး ၁၄ သိန်း ၈ သောင်းစျေးနဲ့ ပဲ ရောင်းချနေကြရပါတယ်။
ဒါ့ကြောင့် စပါးသိုလှောင်ထားနိုင်တဲ့ လယ်အများအပြားပိုင်ဆိုင်တဲ့ တောင်သူကြီးအချို့ကတော့ စပါးကနေ ရွှေသီးနိုင်ကြပေမယ့် လုပ်ကွက်ငယ်တောင်သူငယ်တွေကတော့ အကြွေးနွံထဲမှာ နစ်နေကြဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ဧက ၁၅ သန်းရှိတယ်လို့ နစက ဘက်ကပြောဆိုထားပြီး လက်ရှိဖြစ်နေတဲ့ စပါးခင်းရေနစ်မြုပ်မှုတွေ၊ အဖျက်ပိုးကျရောက်မှုတွေကြောင့် ခုနှစ်မိုးစပါးအထွက်နူန်းလျော့နိုင်တယ်လို့ တောင်သူတွေကခန့်မှန်းထားကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW