ဂါဇာရှိ ရာနဲ့ချီတဲ့ ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်

တဲလ်အဗစ်၊ အောက်တိုဘာ-၁၉-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမတ်စ်တို့ရဲ့ အခြေခံအဆောက်အုံတွေအပါအဝင် ရာနဲ့ချီတဲ့ ပစ်မှတ်တွေကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
လက်ရှိမှာတော့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြီးဆုံးမယ့်အရိပ်အယောင်မရှိသေးပါဘူး။ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တို့ရဲ့ ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့နေရာတွေ၊ ဥမင်လှိုဏ်ခေါင်းတွေနဲ့ ဌာနချုပ်တွေကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်း ဂါဇာကမ်းမြှောင်ဒေသအတွက် လောင်စာဆီ၊ သောက်သုံးရေနဲ့ လျှပ်စစ်အပါအဝင် ထောက်ပံ့မှုလမ်းကြောင်းတွေကို အစ္စရေးက ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
အစ္စရေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင် လာရောက်တဲ့နေ့မှာပဲ ဂါဇာမှာရှိတဲ့ဆေးရုံတရုံမှာ ဒုံးကျည်တွေကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅၀၀ နီးပါးသေဆုံးခဲ့ပြီး ဒါဟာ အစ္စရေးလက်ချက်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပေမယ့် ဒုံးကျည်ဟာ ဂါဇာဘက်ကလာတာသာဖြစ်တယ်လို့ အစ္စရေးက အခိုင်အမာဆိုပါတယ်။
ဂျိုးဘိုင်ဒင်လာရောက်ပြီး တရက်အကြာ အောက်တိုဘာ ၁၉ ရက်မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာလည်း အစ္စရေးကို ရောက်ရှိနေပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်မှုဖြစ်ပြီး ဗြိတိန်အနေနဲ့ အစ္စရေးနဲ့အတူ ရပ်တည်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW