စစ်ကိုင်းတိုင်းမှာ ဒီနေ့တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများ

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်ရဲ့ အနောက်ဖက်ခြမ်း ကင်မွန်းတော်ကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်းက ရဲ နှစ်ယောက် အသတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ဒီမနက် အစောပိုင်းက ကင်မွန်းတော်ရွာနာမှာ ရဲ နှစ်ယောက် အသတ်ခံရတယ် ၊ ဘာကြောင့် သတ်ခံရတာလဲဆိုရင် ရွာနားက ငှက်ပျောတောမှာ ငှက်ပျောခိုင် သွားခုတ်ရင်း သတ်ခံရတယ်လို့ ပြောကြတယ် ၊ သေဆုံးသူ ရဲ နှစ်ယောက်က ကိုထွန်းကျော်စွာနဲ့ ကိုအောင်ဆန်းမြင့်ဖြစ်တယ် ၊ သူတို့ကို ဘယ်သူတွေ သတ်သွားသလဲဆိုတာ မသိရသေးဘူး ၊ သူတို့ နှစ်ယောက်က ကင်မွန်းတော်ရွာမှာ လုံခြုံရေး တာဝန်ကျနေတဲ့သူတွေလို့ သိရတယ် ၊ အရင်ကလည်း အသတ်ခံရတာတွေရှိဖူးတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကင်မွန်းတော် ဖြစ်စဥ်က ကနဦး ကြားရတဲ့အဆင့်ပဲရှိသေးတယ် ၊ အကြောင်းစုံပြောပြဖို့ စောသေးတယ် ၊ မနေ့ အောက်တိုဘာ ၁၈ ရက်ည ၁၁ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် ၊ ရွာသစ်ကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတာ အလောင်း နှစ်လောင်း ၊လက်လုပ်တစ်တောင့်ထိုး သေနတ် တလက် ၊ M22 ကျည်ဆံ ၅၄ တောင့် ၊ ကျည်အိမ် နှစ်ခု ၊ အီကွေးမင့် တခု ၊ အိုင်ကွန် တလုံး ၊ ပြောက်ကျားဦးထုပ် တလုံး သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် မနေ့က ညနေပိုင်း ၆ နာရီမှာ စစ်ကိုင်းမြို့နယ် ၊ ကျော်ဇေယျရွာနားမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်ကို လုံခြုံရေးအဖွဲ့က ပစ်ဖမ်းတယ် ၊ အဲ့ဒီမှာလည်း အလောင်း နှစ်လောင်း ၊ ပစ္စတို သေနတ် တလက် နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
ရဲေတွအသတ်ခံရတယ်ဆိုတဲ့ ကင်မွန်းတော်ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ အခုထိ ရွာခံ လူတရာကျော် အသတ်ခံထားရတယ်လို့ သိရပါတယ်။
ပြီခဲ့တဲ့ မေ ၁၄ ရက်ကလည်း ချောင်းဦးမြို့နယ် ၊ ကံဇီးကျေရွာနားမှာ ရွာခံလူ ၁၂ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့နောက်ကို လိုက်သွားတဲ့ လုံခြုံရေးအဖွဲ့တွေထဲက ရဲ တယောက် မိုင်းနင်းမိပြီး သေဆုံးတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
” ချောင်းဦးနယ်မှာက ၂၀၂၁ ကစလို့ အပြန်အလှန် သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်တယ် ၊ သေဆုံးရသူပေါင်း ၃၀၀ ကျော်သွားပြီဖြစ်တယ် ၊၂၀၂၁ က မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆိုရင် မိုင်းထိလို့ သေတယ် ” လို့ချောင်းဦးမြို့ခံ တယောက်က အဲ့ဒီလို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ပဋိပက္ခတွေမှာ နှစ်ဖက်စလုံး ထိခိုက်သေဆုံးသလို အပြစ်မဲ့ဒေသခံတွေလည်း သေဆုံးတာတွေရှိနေဆဲဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW