လေးမျက်နှာမြို့နယ်မှာ လူ ခုနှစ်ယောက် ပစ်သတ်ခံရပြီး ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၃
SP ( VOM)

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် ၊ ခြုံတောင်နားမှာ မနေ့ အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

 

” မနေ့က မနက်အစောပိုင်းမှာဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ကို နယ်မြေရှင်းလင်းရေး အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ် ၊ သေဆုံးတာ လူ ခုနှစ်ယောက်ဖြစ်တယ် ၊ လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်တယ် ၊ နာမည်တွေတော့ မသိရဘူး ၊ ဒီနယ်ခံတွေ မဟုတ်ကြဘူး ” လို့ ဒေသခံတယောက်ကပြောပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီရက်ပိုင်းမှာ လက်နက် ခဲယမ်းတွေ ဖမ်းဆီးရမိတာတွေရှိတယ် ၊ မ​နေ့က ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ ခြုံတောင်နားမှာ စခန်းစီးနင်းတဲ့အခါ အလောင်း ခုနှစ်လောင်း ၊ M-4 သေနတ် နှစ် လက် ၊ လက်လုပ်ကိုးလုံးထိုးသေနတ် သုံး လက် ၊ ၉၁ ဗုံးသီး တလုံး ၊ ရှို့ပစ်လက်ပစ်ဗုံး ရှစ်လုံး ၊၅.၅၆ ကျည် ၄၀၀ တောင့်ကိုးလုံး ကျည်(၁၂ ဗို့ကျည်) ၂၄ တောင့် ၊M-4 ကျည်အိမ် ခုနှစ်ခု အပြင် အသုံးဆောင် ပစ္သည်းတွေရမိတယ် ၊ အဲ့ဒီနောက် အင်္ဂပူမြို့နယ် ၊ ဘွက်ကျေးရွာအုပ်စု ၊ ရခိုင်ကုန်းရွာနားမှာ လူ နှစ်ယောက်နဲ့ M 79 သေနတ် တစ်လက် ၊ ရှေ့ထွက်မိုင်း ငါးလုံး၊ M 91 လက်ပစ်ဗုံး တစ်လုံး ၊ 40 Mm ဗုံးသီး ၁၈ လုံး ၊ 9 mm ကျည် ၂၂၁ တောင့် နဲ့ ပွိုင့် 30 ကာဘိုင်ကျည်တွေလည်းပါတယ် ၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရိရတနာလမ်းမှာရှိတဲ့ တည်းခို ခန်းတစ်ခုမှာ တည်းခိုနေတဲ့ ဧည့်သည် နှစ်ယောက်ဆီကနေ M-4 သေနတ် သုံး လက် ၊ Sig Sauer ပစ္စတိုသေနတ် တစ် လက်၊ ၉ မမ ကျည် ၃၀ တောင့်၊ ၅.၅၆ ကျည် ၄၅၀ တောင့် သိမ်းဆည်ရမိတယ် ၊ အဲ့ဒီနောက် ကြံခင်းမြို့နယ် ၊ သရက်စမ်း ဆင်စခန်းတောထဲမှာ သေနတ် လေးလက်နဲ့ ခဲယမ်းတွေရတယ် ” လို့ ပြောပါတယ်။

 

အခုရက်ပိုင်းမှာ ကြံခင်းမြို့နယ် ၊ မုံရွာ – ပုသိမ်ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ သရက်စမ်း ဆင်စခန်းတောထဲမှာလည်း လူ လေးယောက် ပစ်သတ်ခံရပြီး FFC 9 သေနတ် သုံးလက် ၊ လက်လုပ်သေနတ် တစ်လက်အပြင် ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

 

ဒီရက်ပိုင်းမှာ အခုလို လက်နက်တွေ သိမ်းဆည်းရမိတယ် ဆိုတဲ့ ဖြစ်စဥ်တွေဟာ ဧရာဝတီတိုင်းတခုတည်းတော့ မဟုတ်ပါဘူး ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ် ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ နန့်စီးအောင် ပူးပေါင်းရေး စစ်ဆေးရေးဂိတ်မှာ ၊ဖားကန့်ကနေ တည့်ဆည်ဘက်ကို အိမ်စီးကား တစ်စီပေါ်မှာတဲ့ ​မျှစ်ချဥ်ပုံးထဲကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ သွေးသောက်ရပ်ကွက်၊ ဗုဒ္ဓဝင်လမ်းနဲ့ ဒေါနလမ်းဆုံနေရာမှာ လူငယ်နှစ်ယောက် မောင်းနင်းလာတဲ့ ​ဆိုင်ကယ်တစ်စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ အပြင် မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
မကြာသေးမီကလည်း ရှမ်းပြည်နယ် ၊ မိုင်းရှူးမြို့ကနေ တောင်ကြီးမြို့ဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကျောက်ကုန်သည်တယောက်ဆီကနေ သေနတ်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ ကျောက်မျက်ရတနာတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၁၃ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ဟိုတယ်တခုမှာ တည်းခိုနေတဲ့ အမျိုးသမီးတယောက်ဆီက ပစ္စတိုသေနတ် တလက်နဲ့အတူ ခဲယမ်းတွေ သိမ်းဆီးရမိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW