ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် (၅၄) အရှေ့မှ အလံနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရ

 

နိုဝင်ဘာ ၁၄ – ၂၀၂၃

SN (VOM)

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အမှတ် (၅၄) ခြံရှေ့မှာ ချိတ်ဆွဲထားတဲ့ NLD ပါတီအလံနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၁၀ နာရီခွဲလောက်မှာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့က လာရောက်ဖြုတ်ချသွားတာဖြစ်ပြီး ကြိုတင် အကြောင်းကြားထားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

“ဒါက နဂိုကတည်းက တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်ထားတော့ ပါတီတခုအဖြစ် မရပ်တည်နိုင်တော့ဘူးလေ။ တရားဝင် မရပ်တည်နိုင်တဲ့ ပါတီတခုက သူ့မှာဆိုင်းဘုတ် ထားရှိခွင့် မရှိဘူးလေ။ မြို့နယ်တိုင်းမှာရှိတဲ့ NLD ဆိုင်းဘုတ်တွေကလည်း ဖြုတ်ချရမှာပဲ။ သမာသမတ်ကျကျ ပြောရရင်တော့ တရားဝင်အဖြစ် မှတ်ပုံတင်ပေါ့။ မတင်နိုင်ရင်တော့ ဆိုင်းဘုတ်တင်ခွင့်မှ မရှိတော့ဘဲ။ ဒီဆိုင်းဘုတ်က သူ့ဘာသာသူ ဖြုတ်ချရင်ချ၊ မချရင်တော့ တာဝန်ရှိသူတွေ လုပ်ရမယ့်ကိစ္စပါ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းတဲ့အကြောင်း ကြေညာပြီးကတည်းက အခုလိုမျိုး ပါတီအလံနဲ့ ဆိုင်းဘုတ်တွေကိုဖြုတ်ချဖို့ နစကဘက်က ဖိအားပေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီအား နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အခု ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်က ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အရင်က ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို နစက က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က အသစ်ပြဌာန်းကြေညာပြီးနောက် သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယခင် ပုံအဟောင်း ဖြစ်ပါသည်။

Photo Crd – Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW