နိုဝင်ဘာ ၁၇-၂၀၂၃
Voice Of Myanmar(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် ဟာ ဒီကနေ့မနက် ၁၁နာရီ ဝန်းကျင်ခန့်က ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရတယ်လို့ မန္တလေးမြို့ခံနဲ့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။
ရဲနဲ့နီးစပ်သူ(၁)ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဓားမြလာတိုက်တဲ့သူတွေက ကားနဲ့လာတယ် ၊ အမျိုးသား (၃)ယောက်လို့ ကနဦးသိရတယ်၊ သေနတ်ဖောက်ပြီး ဆိုင်ထဲက ရွှေကောင်တာတွေ ထုခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ယူသွားတယ်၊အခုတော့ တာဝန်ရှိသူတွေက လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်”လို့ ပြောပါတယ်။
မန္တလေးမြို့ခံ(၁)ဦးကလည်း “ဓားပြမှုဖြစ်တယ်လို့တော့ သိရတယ်၊ ဖြစ်တာကလည်း တကယ့်မြို့လယ်ခေါင်လို့ ပြောလို့ရတယ်၊ ဘာတွေပါသွားလည်းတော့ သေချာမသိရသေးဘူး၊ ဖြစ်စဉ်ဖြစ်ပြီး အဲ့ဒီဘက်လမ်းကြောကို ပိတ်ထားတာတော့ တွေ့ရတယ်”လို့ ပြောပါတယ်။
ဓားပြလာတိုက်သူတွေဟာ အိမ်စီးကားအဖြူရောင်၊ အမျိုးသား(၃)ယောက် ဖြစ်ပြီး ဆိုင်ထဲကို သေနတ်(၂)ချက် ပစ်ဖောက် ဝင်လာကာ တူနဲ့ရွှေကောင်တာတွေကို ထုခွဲပြီး ရွှေထည်ပစ္စည်း (၁၂)မျိုး စုစုပေါင်းတန်ဖိုးငွေ သိန်း (၁)သောင်း (၁)ထောင် (၃)ရာကျော် ဓားပြတိုက်ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်းကြားက “ပေါ်ဦး “ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။