ကျင်စန်းကျော့က ကုန်ကားကြီးကွင်းမီးလောင်မှု ကုန်ကား အစီးရေ ၃၀ ထက်မနည်း မီးလောင်ပျက်စီး

 

ရန်ကုန်၊ နိုဝင်ဘာ ၂၃ – ၂၀၂၃

GG(VOM)

မူဆယ် ၊ကျင်စန်းကျော့ဂိတ်နားက 7 ဟွာကျင့် ကားရပ်နားကွင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကုန်ကားအစီးရေ ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ တရုတ်ဘက် အထွက် မြန်မာဘက်ခြမ်း က ကျင်စန်းကျော့ဂိတ်အနီးက 7ဟွာကျင့် ကားရပ်နားကွင်းထဲကို လက်နက်ကြီးကျရောက်ပြီး ပေါက်ကွဲလို့ ကုန်ကားတွေမီးလောင်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

” လက်နက်ကြီးကျလို့ ကုန်ကားတွေမီးလောင်တာ အစီး၃၀ လောက်တော့ပါသွားပြီ ၊ မီးမကူးသေးတဲ့ကားတွေထဲက သော့ရှိတဲ့ကားတွေ စက်နိူးရတဲ့ကားတွေကိုတော့ အပြင်ကို ရွှေ့နေတယ်၊ကားတွေက ကုန်တွေနဲ့ ပါ ” လို့ မူဆယ် ကျင်စန်းကျော့ ဒေသခံ ကပြောပါတယ်။

အဆိုပါ 7 ဟွာကျင့်ကားကွင်းထဲမှာ တရုတ်ဘက်ကနေ ပစ္စည်းတင်သွင်းလာတဲ့ကားတွေနဲ့ တရုတ်ဘက်ကို ဝင်ဖို့စောင့်နေတဲ့ကား အပါအဝင် ကားအစီးရေ ရာနဲ့ချီ ရှိတယ်လို့သိရပါတယ်။

” တရုတ်ကတင်လာတဲ့ပစ္စည်းတွေနဲ့ကားတွေကလည်း ပြည်တွင်းမှာ လမ်းကြောင်းတွေက သွားလာမရတော့ ကွင်းထဲမှာပဲရပ်ထားပြီး လမ်းအပွင့်ကို စောင့်နေရင်း ခုလိုဖြစ်ကြတာပေါ့။ ဆုံးရှုံးမှုကတော့ ကြီးသွားပြီပေါ့။ ကွင်းက မူဆယ်နဲ့ ပန်ဆိုင်းကြားထဲမှာရှိတာ​ပေါ့။ ” လို့ မူဆယ်ဒေသခံ နောက်ထပ်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ မီးလောင်ကျွမ်းနေတဲ့ ကုန်ကားတွေရှိရာ 7 ဟွာကျင့်ကားရပ်နားကွင်းထဲကိုနယ်မြေခံ မီးသတ်ကားအချို့ရောက်ရှိပြီး မီးငြှိမ်းသတ်မှုတွေလုပ်နေတယ်လို့သိရပါတယ်။

တရုတ်ဘက်ကတော့ မနက်ဖြန် နိုဝင်ဘာလ ၂၄ နေ့ နောက်ဆုံးထားပြီး ကုန်ပစ္စည်းတင်ထားတဲ့ကားတွေကို တရုတ်ဘက်ကို ပြန်သွင်းဖို့ ကြေညာထားတယ်လို့သိရပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ စစ်တပ် နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ့တွေက နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းကဖြစ်ပွားနေတာဖြစ်ပြီး မနေ့က နိုဝင်ဘာလ ၂၂ ရက်နေ့

လည်း မူဆယ် ၁၀၅ မိုင် နမ့်ဟွယ်အုပ်စု အောက်နမ့်ဟွယ် ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျရောက်လို့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရ ရှိခဲ့သလို အဆောက်အဦး ၃ လုံးနဲ့ ကားအချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ဂိတ်ကနေ တရုတ်ဘက်ကို ကုန်သွယ်မှုရပ်နေတာက အောက်တိုဘာလ ၂၇ ရက်နေ့ ရှမ်းမြောက်တိုက်ပွဲတွေ စတင်ကတည်းက ဖြစ်ပါတယ်။

ဓာတ်ပုံ ဒေသခံတဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW