ရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ အသိအမှတ်ပြုလက်မှတ် လျှောက်ရမယ်

 

နိုဝင်ဘာ ၂၅ – ၂၀၂၃

SN (VOM)

ရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူတွေအနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပေးတဲ့ “ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်” ကို လျှောက်ထားကြဖို့ ပြည်တွင်းဘုရားဖူးအသင်းက အသိပေးထုတ်ပြန်ပါတယ်။

ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှ လျှောက်ထားလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

“စည်းကမ်းတကျ‌လေး ဖြစ်အောင် နိုင်ငံတော်က လုပ်ပေးနေတာပါ။ ပြည်တွင်းခရီးသွားလုပ်ငန်းကို လုပ်မယ်ဆိုရင် တနိုင်တပိုင် လိုင်စင်လေးတွေဖြစ်တဲ့ ပြည်တွင်းအသိအမှတ်ပြုလိုင်စင် လျှောက်ကိုလျှောက်ရမယ်။ လိုင်စင်မရှိဘဲနဲ့ ဒီအလုပ်တွေကို လုပ်လို့မရဘူး။ အဲ့ဒါက ဘယ်မှာလျှောက်ရမလဲဆိုတော့ အသင်းကနေ ထောက်ခံချက်ယူပြီးတော့ ဟိုတယ်/ခရီးမှာ ပုံစံတွေထုတ်ရမယ်။ ဟိုတယ်/ခရီးက သတ်မှတ်တဲ့ပုံစံအတိုင်း ထောက်ခံစာတွေယူပြီးတော့ လိုအပ်တာတွေ ဖြည့်စွက်ပြီး ဟိုတယ်/ခရီးမှာပဲ ပြန်တင်ရတာ။ ဟိုတယ်/ခရီးကနေမှ ဒေသဆိုင်ရာ ခရီးသွားကော်မတီကို ပြန်တင်ပေးတာ။ သူက လိုင်စင်သက်တမ်း နှစ်နှစ်ပေးတယ်။ ဟိုတုန်းကတော့ တနှစ်ပဲပေးတာ။ တနှစ်တုန်းကတော့ လိုင်စင်ကြေး ငါးသောင်းပဲကျတယ်။ အခု နှစ်နှစ်ဆိုတော့ တသိန်းကျတာပေါ့။ အလုပ်တခု လုပ်မယ်ဆိုရင် အာမခံချက်ရှိမှ ရမယ်။ ခရီးသွားလုပ်ငန်း လုပ်တယ်ဆိုရင် လိုင်စင်လုပ်ရမယ်။ ဒါကတော့ တနိုင်တပိုင်လိုင်စင်ပေါ့။။ ကုမ္ပဏီလိုင်စင်မျိုး မဟုတ်ပါဘူး” လို့ ပြည်တွင်းဘုရားဖူးအသင်း ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောပါတယ်။

ရန်ကုန်အခြေစိုက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းတွေ အနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဝန်ဆောင်မှုပေးခြင်း ရှိ၊ မရှိကို လာမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး သက်ဆိုင်ရာဌာနတွေက စိစစ်ကြပ်မတ် ဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက် အမြန်ဆုံး လျှောက်ထားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“အရေးယူမှုအပိုင်းနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်ပေါ့။ တကယ်တမ်းဆိုရင် ဒီလို အခြေအနေမျိုးမှာက ခရီးသွားလုပ်ငန်းတွေက လုပ်ရကိုင်ရတာ ကြပ်တည်းနေတဲ့အချိန်ဖြစ်တော့ ဒီ လိုင်စင်လုပ်ဖို့အတွက်က သတ်မှတ်ရက် ကျော်သွားရင်လည်း ကျော်သွားတဲ့အလျောက် ဖြေလျော့ပေးတာမျိုးတွေ လုပ်ပေးစေ‌ချင်ပါတယ်။ နိုင်ငံတော်ကတော့ ဘယ်လိုဆုံးဖြတ်ပေးမယ်တော့ မသိသေးဘူး။ အရေးယူတဲ့အပိုင်းကတော့ ရှိလိမ့်မယ်ထင်ပါတယ်။ လိုင်စင် မလုပ်ထားရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဒဏ်ကြေးတွေကတော့ ရှိမယ်ထင်ပါတယ်” လို့ ဦးသန်းဋ္ဌေးက ပြောပါတယ်။

ဒါ့ကြောင့် ပြည်တွင်းဘုရားဖူးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားနိုင်ဖို့အတွက် အခု ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ပြည်တွင်း ဘုရားဖူးအသင်းကို ဝင်ရောက်ကြဖို့ တိုက်တွန်းထားပြီး ရန်ကုန်တိုင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးမှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အသိအမှတ်ပြုလက်မှတ်တွေ လျှောက်ထားသွားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW