မင်းကင်းနယ် အင်ကြင်းတောင်ရွာမှာ တိုက်ခိုက်ခံရလို့ ရွာခံ ခြောက်ယောက်သေဆုံး ၊ ဘုန်းကြီးတပါးဒဏ်ရာရ

 

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ အင်ကြင်းတောင်ရွာမှာ မနေ့ နိုဝင်ဘာ ၂၇ ရက် ၊မနက်အစောပိုင်း ၃ နာရီဝန်းကျင်က အ မည်မသိ လက်နက်ကိုင်အဖွဲ့က ရွာကို ဝင်ရောက် တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေနဲ့ လူနေအိမ် တွေ မီးလောင်ပျက်စီးရတယ်လို့ မင်းကင်းမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိပါရတယ်။

” မနေ့က ရွာမှာ စုပေါင်း ကထိန်ပွဲရှိတယ်ဆိုတော့ ချက်ရေးပြုတ်ရေးအတွက် အိပ်ယာထတဲ့ သူတွေထကြပြီဖြစ်တယ် ၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ လူအင်အား ၂၀၀ ကျော်လောက်က ရွာကို ဝင်ရောက်တိုက်ခိုက်တယ် ၊ မနက် ၉ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ် ၊ ရွာက လူနေအိမ် လေးလုံး မီးလောင်ပျက်စီးတယ် ၊ အဲ့ဒီ အပြင် လူ ခြောက်ယောက်သေတယ် ၊ ကျောင်းထိုင်း ဘုန်းကြီးလည်း ဒဏ်ရာရတယ် ။ အဲ့ဒီ သေဆုံးသူ ခြောက်ယောက်ရဲ့ နာမည်တွေ လှမ်းတောင်းထားတုန်ဖြစ်တယ် ” လို့ မင်းကင်းမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မင်ကင်းဘက်မှာ ထိတွေ့မှုဖြစ်တယ်လို့တော့ သိရတယ် ၊ ဖြစ်စဉ် အချက်အလက် မသိရသေးဘူး” လို့ ပြောပါတယ်။

အဲ့ဒီ အင်ကြင်းတောင်ရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် ၊ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါသေးတယ်။

မင်းကင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်အနက် ပထမဆုံးသော ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ စတင် ပေါ်ပေါက်ရာ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

မင်းကင်းမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းက တယောက်က ” မင်းကင်းမြို့ဟာ ရာသီမရွေး ကုန်လမ်းခရီးက မပေါက်ဘူး ၊ ပွင့်လင်းရာသီရောက်မှ ကားလမ်းတွေပွင့်တယ် ၊ အဓိကတော့ ရေလမ်းခရီးနဲ့ သွားရတယ် ၊ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ပြီးနောက် မင်းကင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကနီ ၊ ဘုတလင် ၊ ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် စတဲ့ မြို့နယ်တွေက လူတချို့ မင်းကင်းနယ်ထဲမှာ လာရောက် ခိုလှုံကြတယ် ၊ အဲ့ဒီအချိန်မှာ မင်းကင်းနယ်မှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ စတင် ပေါ်ပေါက်လာတာဖြစ်တယ် ၊ နောက်ပြီး အဲ့ဒါနဲ့ တပြိုင်တည်း ကျေးရွာတချို့ ပြည်သူ့စစ်တွေ ပေါ်ပေါက်လာတယ်၊ အဲ့ဒါကြောင့် မကြာခဏဆိုသလို မင်းကင်းနယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ် ၊ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း အသတ်ခံရလို့ အရပ်သား သေဆုံးရသူပေါင်း ၃၀၀ ကျော်ရှိတယ် ၊ အထူးသဖြင့် မင်းကင်း တောင်တွင်းချောင်ဘက်မှာ အဖြစ်များတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့နယ်ခွဲ ၊ ပန်းဆန်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား သုံးဦးသေဆုံးပြီး ၊ ဘုန်းကြီးတပါး ဒဏ်ရာရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW