ဒီဇင်ဘာ ၂၁ – ၂၀၂၃
SN (VOM)
ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
“ရှေ့က မောင်းနေတဲ့ Hijet ကို သူ့နောက်ကနေမောင်းလာတဲ့ Nissan Caravan ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။ Hijet ပေါ်မှာပါလာတဲ့ လူတွေအကုန်လုံး ဒဏ်ရာတွေရသွားပေမယ့် မစိုးရိမ်ရပါဘူး။ ဟိုဘက် Nissan Caravan ကားပေါ်ကလူတွေကတော့ ဘာမှ မဖြစ်ကြဘူး” လို့ ဒီဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။
Hijet ယာဉ်ပေါ်မှာ အမျိုးသား တယောက်နဲ့ အမျိုးသမီး ကိုးယောက် စုစုပေါင်း ၁၀ ယောက် လိုက်ပါလာခဲ့တာဖြစ်ပြီး Nissan Caravan ကားပေါ်မှာတော့ အမျိုးသား နှစ်ယောက် လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိထားသူတွေကို ပြင်စည် 192 သူနာတင်ယာဉ်နဲ့ နွားထိုးကြီးဆေးရုံကို ကူညီပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
အဲ့ဒီ့ ကားတိုက်မှုဖြစ်စဉ်ကို ပြင်စည် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ၁၀ လတာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှုပေါင်း ၁၃၇ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၇၆ ယောက် ရှိကာ သေဆုံးသူ ၇၈ ယောက် ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၅၄ ယောက်၊ အမျိုးသမီး ၂၄ ယောက် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅၁ ယောက်၊ အမျိုးသမီး ၁၂၅ ယောက် စုစုပေါင်း ၂၇၆ ယောက် ရှိတယ်လို့လည်း သိရပါတယ်။