တောင်ကိုရီးယားနယ်စပ် ကျွန်းအနီးကို မြောက်ကိုရီးယားက အမြောက်ကျည် ၆၀ ကျော်နဲ့ ပစ်ခတ်ပြန်

 

ဆိုးလ်၊ ဇန်နဝါရီ-၇-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ နှစ်နိုင်ငံနယ်စပ်အနီး ယွန်ပြောင်းကျွန်းအနီးကို အမြောက်ကျည် ၆၀ ကျော်ကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီကနေ ၅ နာရီအတွင်း ယွန်ပြောင်းကျွန်း အနောက်ဘက်ကနေ အမြောက်ကျည် ၆၀ ကျော်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မြောက်ကိုရီးယားဟာ နှစ်နိုင်ငံကြား ရေကြောင်းကြားခံဇုန်တောင်ဘက်မှာရှိတဲ့ ယွန်ပြောင်းကျွန်းနဲ့ ဘန်ယောင်းကျွန်းအနီးကို အမြောက်ကျည် ၂၀၀ ကျော်ပစ်ခတ်ခဲ့ပါတယ်။

အဲဒီကျွန်းပေါ်က ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက အမိန့်ထုတ်ထားပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးဖြစ်ပေါ်နေချိန်မှာ အဲဒီကျွန်းတွေကို ကူးတို့သင်္ဘောပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

အမြောက်ကျည်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်မှုတွေဟာ မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တု လွှတ်တင်ပြီးနောက် ပျက်ပြားခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်နိုင်ငံစစ်ရေးသဘောတူညီချက်အရ သတ်မှတ်ထားတဲ့ ရေကြောင်း ကြားခံဇုန်ထဲကို ကျရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ရှုတ်ချပြောဆိုထားပါတယ်။

Ref:CNA

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW