နစကတပ်ဖွဲ့ဝင် ၂၇၈ ဦး မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက် တိမ်းရှောင်

 

 

ဇန်နဝါရီ ၊ ၁၈ ၊ ၂၀၂၄

SP ( VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင် ( Lawngtlai ) ခရိုင် ၊ ဘန်ဒုဘန်ဂါ ( Bandukbanga) ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၇ ရက် ၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ချင်းပြည်နယ်ဘက်ကနေ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ဝင်ရောက်လာတယ်လို့ မီဇိုရမ်ပြည်နယ်ရဲ့ ဒေသဆိုင်ရာ သတင်းဌာနတွေက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် ၊အိုက်ဇောမြို့ခံ တယောက်က

” မနေ့က နေ့လယ်ပိုင်းမှာ ဘန်ဒုဘန်ဂါရွာဘက်ကို နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၂၇၈ ယောက် ထပ်မံဝင်ရောက်လာတယ်လို့ သတင်းတွေထုတ်ပြန်ထားတယ် ၊ သူတို့ရဲ့ တပ်စခန်းတွေကို ကျော်လွန်ပြီးနောက် အိန္ဒိယဘက်ကို ရောက်လာတယ်လို့ သိရတယ် ၊ အရင်ကလည်း အဲ့ဒီလို ကျော်လွန်ပြီး ဝင်ရောက်လာတာတွေရှိဖူးတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၃ ထဲမှာဆိုရင် အဲ့ဒီလိုဝင်ရောက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် လေးရာဝန်းကျင်လောက်ရှိတယ် ၊ သူတို့ကို အိန္ဒိယ ဗဟိုအစိုးရဲ့ အစီအစဥ်နဲ့ လေကြောင်းကနေ မြန်မာဘက်ကို ပြန်ပို့ပေးတာတွေရှိတယ် ၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်က​နေ တဆင့် မြန်မာ့လေကြောင်းလိုင်းနဲ့ နှစ်သုတ်ခွဲပြီး ပြန်လည်ခေါ်ဆောင်သွားတာရှိတယ် ၊ အဲ့ဒီ နှစ်သုတ်မှာ ပထမအသုတ်က ၈၄ ယောက်နဲ့ ဒုတိယအသုတ်က ၆၇ ယောက် ဖြစ်တယ် ၊ အဲ့ဒီအထဲမှာ ဒဏ်ရာသူ ကိုးဦးပါဝင်တဲ့အနက် လေးဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ် ၊ လိုင်းလဲာန်းပီး မြို့နယ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ နစက တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း အိန္ဒိယ စံတော်ချိန် ၇ နာရီဝန်းကျင်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လာကီး(Liki)ကျေးရွာမှာရှိတဲ့ အာသန်ရိုင်ဖယ် တပ်ရင်းဌာနကို ရောက်ရှိလာတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းတွေက ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ခံ နိုင်ငံရေးေလ့လာသူတယောက်က

” နယ်စပ်ထိတွေ့မှုတွေမှာ များသောအားဖြင့် တက်လမ်း ၊ ဆုတ်လမ်းက မရှိဘူး ၊ အဲ့ဒါကြောင့် ဆုတ်ခွာလမ်းကြောင်း အဖြစ် အိန္ဒိယဘက်ကို ဝင်လာကြတာဖြစ်မယ် ၊ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်က ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း(Khua Mawi) စခန်း နှစ်ခု ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တယ် ၊ အဲ့ဒီတုန်းကလည်း အိန္ဒိယဘက်ကို နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၄၂ ယောက် ဝင်ရောက်လာတယ် ၊ နောက်ပြီး ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ် စခန်းကို နိုဝင်ဘာ ၁၄ ရက်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တယ် ၊ အဲ့ဒီ ထိတွေ့တိုက်ပွဲမှာလည်း နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၂၉ ယောက် အိန္ဒိယဘက်ကို ဝင်ရောက်လာတယ် ၊ အခုလည်း ချင်းပြည်နယ်တောင်ပိုင်း လိုင်းလဲာန်ပီးမြို့နယ်ခွဲ ထိတွေ့တိုက်ပွဲဖြစ်စဥ်ကနေ နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀ ဦး အိန္ဒိယဘက်ကို ထပ်မံ ဝင်ရောက်လာတယ် ၊ အဲ့ဒီလို ဝင်ရောက်လာမှုပေါင်း သုံးကြိမ်မှာ နစက လုံခြုံရေး တပ်ဖွဲ့ဝင် တရာနီးပါးရှိတယ် ၊ သူတို့အားလုံးကို အိန္ဒိယ ဗဟို အစိုးရ အစီအစဥ်နဲ့ မီဇိုရမ်ပြည်နယ်ကနေ မဏိပူရ်ပြည်နယ် မိုးရေးမြို့အထိ ရဟတ်ယာဥ်နဲ့ ပို့ဆောင်ကူညီပေးတာ ရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ချင်းပြည်နယ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက လုံခြုံရေး တပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား (အရပ်သား) ၂၉၈ ယောက်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟ (Siaha) ခရိုင်ထဲကို ဝင်ရောက် ခိုလှုံလာတယ်လို့ မီဇိုရမ်ပြည်နယ်သတင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော် သုံးနှစ်ဝန်းကျင်ကစလို့ မြန်မာနိုင်ငံသား ၂ သောင်းကျော်ဟာ မီဇိုရမ်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဆိုင်ဟ (Siaha) ခရိုင် ၊ Laki၊ Zawngling၊ Chapui၊ Ahmyipi၊ Mobyu၊ Siasi၊ Khopai နဲ့ Theiva စတဲ့ ရွာတွေမှာ နေထိုင် ခိုလှုံတယ်လို့ Siaha ခရိုင် Tuipang ရဲစခန်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW