ငွေလဲစနစ်နဲ့ နယ်စပ်ဂိတ်ကန့်သတ်မှုကြောင့် တန်းဆီ ပို့ကုန်လုပ်ငန်းရှင်တွေ ဈေးနှိမ်ခံ ရောင်းနေရ

ဖေဖော်ဝါရီ ၈၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ်ဒေသထွက် တန်းဆီ ခေါ် ရေနံဆီသီး ကုန်ချောအဆီတွေကို ပြည်ပတင်ပို့ရာမှာ နိုင်ငံခြားငွေလဲလှယ်စနစ်ကန့်သတ်မှု၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တရားဝင်တင်ပို့ခွင့် မရတာတွေကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲမျိုးစုံကြုံနေရပြီး ဈေးနှိမ်ခံ ရောင်းချနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဆီသီးအဆီကို အင်္ဂလန်နိုင်ငံဘက် ပို့မယ်ဆိုရင် ဈေးကောင်းရပေမယ့် ပို့ကုန်ရငွေကို ဒေါ်လာနဲ့ လက်ခံရရှိပြီးနောက် အစိုးရသတ်မှတ်နှုန်းနဲ့သာ ဘဏ်ကနေ မြန်မာကျပ်ငွေ ပြန်လဲရတဲ့အချိန်မှာ ဆုံးရှုံးမှုကြီးမားနေတယ်လို့ ဆိုပါတယ်။
ဆီသီးအဆီ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက “အင်္ဂလန်ကို ပို့ရင် ဈေးကောင်းတယ်၊ ရောင်းရလည်း မခက်ဘူး။ မြတ်လည်းမြတ်တယ်။ ဒါပေမယ့် ဒေါ်လာကို မြန်မာငွေ ပြန်လဲတဲ့အချိန်မှာပဲ အများကြီးရှုံးသွားတယ်” လို့ ပြောပါတယ်။
လက်ရှိ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်း ပေါက်ဈေးအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမေရိကန် တဒေါ်လာ ရည်ညွှန်းဈေးက ၃,၆၅၇ ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာတော့ ဒေါ်လာ ရောင်းဈေး ၄,၀၁၀ ကျပ်၊ ဝယ်ဈေး ၃,၉၁၀ ကျပ်အထိ ရှိနေပါတယ်။
တရုတ်ယွမ်အတွက်တော့ မူဆယ်နယ်စပ် ပြင်ပဈေးကွက်မှာ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၅၈၀ ကနေ ၅၈၃ အတွင်း ရှိနေပြီး ဒေါ်လာနဲ့ ယှဉ်လိုက်ရင် ငွေလဲလှယ်ရာမှာ ယွမ်အသုံးပြုရတာ ဆုံးရှုံးမှု သက်သာစေတယ်လို့ သူက ပြောပါတယ်။
“တရုတ်ကို ပို့ရင် ယွမ်နဲ့ လက်ခံရတော့ ငွေလဲတဲ့အချိန် သက်သာတယ်။ ဒါပေမယ့် ဈေးကတော့ အရမ်းနှိမ်တယ်။ မရောင်းချင်လည်း ဒေါ်လာနဲ့ ရောင်းရင် ပိုမသက်သာတော့ တရုတ်ကိုပဲ ပို့နေရတယ်” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသထွက်ကုန်ဖြစ်ပေမယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တရားဝင်ကုန်သွယ်လိုင်စင် မချပေးတာကြောင့် ရန်ကုန်ဆိပ်ကမ်းအထိ ကုန်တင်ကားတွေနဲ့ ပြန်ပို့ရပြီး လမ်းခရီး ဝေးလံ ကြန့်ကြာမှု၊ စရိတ်မြင့်မားမှုတွေကိုပါ ထပ်မံခံစားနေရတဲ့အပြင် အခွန်တွေကို တရားဝင်ဆောင်ပြီးသားဖြစ်ပေမယ့် လမ်းတလျှောက် ငွေလမ်းခင်း သွားရကာ အခက်အခဲမျိုးစုံကြုံရတယ် သူက ပြောပါတယ်။
“ဒီနှစ်ကတော့ တန်းဆီသီးတွေ ဈေးနည်းနည်းပိုရတယ်။ တရုတ်နယ်စပ်ဘက်ကနေ အသီးတွေ လာဝယ်လာလည်းရှိတယ်။ ဒေသတွင်းမှာ ကုန်ချော ထုတ်တဲ့ စက်ရုံမှာလည်းရောင်းလို့ရတယ်” လို့ တောင်သူ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်က ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၂၅ ရာခိုင်နှုန်း အစား ၁၅ ရာခိုင်နှုန်းကိုသာ အစိုးရသတ်မှတ်နှုန်းထားနဲ့ ဘဏ်မှာ လဲလှယ်ဖို့ ပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ငွေလဲနှုန်းကွာဟမှုနဲ့ သွားလာရေးအခက်အခဲတွေကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲတွေ ဆက်လက်ကြုံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo : From Widipedia

Related posts

Leave a Comment

VOM News

FREE
VIEW