ကိုယ်ခန္ဓာသန်စွမ်းစေဖို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ တဲ့

 

ဆူးငှက်

 

 

“စောစောအိပ်လို့၊ စောစောထလို့

စောစောလမ်းလျှောက်ကြပါစို့ …

 

ယခုလို ဆောင်းဦးကာလ နှင်းတွေဖွဲဖွဲကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေသော သီချင်းသံကိုကြားယောင်နေမိပါ၏။ ထိုစဉ်က ယခုလို ဆောင်းဦးပေါက်လာပြီဆိုလျှင် စနေနေ့လို ညမျိုးတွင် နောက်ရက် မနက်စောစောလမ်းလျှောက်ပွဲ ဆင်နွှဲဖို့ အတွက် စာရင်းကောက် လှုံ့ဆော် ပြင်ဆင်ကြသည်။ ရပ်ကွက်ထိပ် ကင်းတဲမှာ ညလုံးပေါက် ဆန်ပြုပ်အိုးကြီး တည်ထား၏။ ဒါကလည်း ကင်းတဲမှာ ထိုညအလှည့်ကျ စောင့်ကြရမည့် အိမ်ထောင်ဦးစီးတွေက အိမ်ဆန်အိုးထဲမှ တစ်ဆုပ်တစ်ခွက် ယူလာကြခြင်း ဖြစ်သည်။ ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေသည့် ဒန်အိုးကြီးတစ်လုံးနှင့် ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်၏။ သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ။ ၁၃နှစ် ၁၄ နှစ်သားပေါ့။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်။ ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနှင့်မို့ အိမ်ကလည်း စိတ်ချသည်။

 

ဆန်ပြုတ်အိုးကြီး ပွက်ပွက်ဆူတော့ ရှိသည့်ဇလုံ၊ ပန်းကန်တွေနှင့် အငွေ့ချောင်းချောင်းထမျှကို တဖူးဖူး မှုတ်သောက်ရတာ ဝနိုင်ဖွယ် မရှိ။ ရုံတော်ကြီး နန်ကင်း အလင်းဆိုင်မှ အီကြာကွေးတွေ ဝယ်လာသူက ဝယ်လာသည်။ တစ်ညလုံးနီးပါးလမ်းလျှောက်လိုက်။ မီးလှုံလိုက်၊ ဆန်ပြုပ်သောက်လိုက်၊ လက်ဖက်ရည် သောက်လိုက်နှင့် သန်းခေါင်ကျော် နာရီပြန် ၂ ချက်လောက် ရောက်သည်နှင့် ဓမ္မာရုံမှ ခေတ္တယူထားသည့် အသံချဲ့စက်ကြီးကို၊ ဦးချစ်တီး၏ ဂျစ်ကား ဘောနက်ပေါ်တင်ပြီး အသံကိုအသားကုန်တင်ကာ “ဟဲလို … တက်စတင်း၊ တက်စတင်း …၊ ဝမ်း တူးသရီးဖိုး” ကို ကင်းတဲရှိ လူကုန် အသံပြဲကြီးတွေနှင့်စမ်းသပ်ကြပြီးနောက် …

 

“စောစောအိပ်လို့၊ စောစောထလို့

စောစောလမ်းလျှောက်ကြပါစို့ …၊ ဟူသော သီချင်းရီကော်ဒါခွေကြီးအား အပြန်ပြန် အလှန်လှန် ဖွင့်လှစ်တော့၏။ တစ်ရပ်လုံး ကြားအောင်လည်း ဟွန်းကြီးကို ထမ်းပြီး အရပ်ရှစ်မျက်နှာ လှည့်ရသေးသည်။ ၃ နာရီထိုးတော့ တစ်ရပ်ကွက်လုံးနိုးပြီ။ ဟိုအိမ်သည်အိမ်က ချောင်းဟန့်သံတွေ ကြားလာရပြီ။ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးလေးတွေ လင်းလက်လာသည်။ တစ်အိမ်နှင့်တစ်အိမ် လှမ်းအော်၍ နှိုးသံများ ဆူညံလာသည်။ လက်မှတ်ထိုး စာရွက်တွေလည်း အဆင်သင့်ပြင်ထားကြ၏။ ကင်းမှူးက သူ့တစ်အိမ်လုံးမှ အိမ်ထောင်စုဇယားပေါက် နာမည် တွေကို လမ်းလျှောက်တက်ရောက် လက်မှတ်ထိုးစာရွက်မှာ စတင်၍ ဖြည့်သွင်းသည်။ လသားအရွယ် ကလေးငယ်လေး နာမည်လည်း ပါနေတာမို့၊ မသင့်တော်ပါဘူးလေဟု ဆိုကာ မှင်ဖြင့် ကြောင်ပစ်နေ၏။ မကြာမီ ရပ်ကွက်တွင်းမှ တစ်အိမ် တစ်ယောက် အနည်းဆုံး တဖွဲဖွဲရောက် လာပြီး လက်မှတ်ထိုးကြသည်။ ကင်းမှူးကနံနက် ၄ နာရီ နောက်ဆုံးစာရင်း လက်ခံမှာတဲ့ ။ တနင်္လာနေ့နံနက် သမဝါယမဆိုင် အဖွင့်တွင် ဆပ်ပြာတစ်ဖြတ်စီကို သမဝါယမအသင်းသား စာအုပ်နှင့် လာရောက် ထုတ်ယူကြဖို့လည်း ဆော်သြသည်။

 

နံနက် ၄ နာရီထိုးတော့ ဦးချစ်တီး ဂျစ်ကားပေါ်က အသံချဲ့စက်မှ “စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့” သီချင်းသံ တညံညံဖြင့် မြို့နယ်စုရပ်သို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ဦးတည်ကြတော့သည်။ မိကျောင်းတံတားအတက် လမ်းမီးပျက်နေသော မှောင်ရိပ်မှာ တချို့က အပေါ့သွားသလိုလိုနှင့် နဝေတိမ်တောင် လုပ်နေသဖြင့်၊ မြို့နယ်ရုံးမှာ လူစာရင်း ထပ်စစ်ဦးမှာနော်ဟု ကင်းမှူးက တကြော်ကြော် အော်နေသည်။ ဤသို့ဖြင့် မြို့နယ်ရုံး ရှေ့မှာလည်း ရပ်ကွက်ပေါင်းစုံ တစ်စုတစ်ဝေးရောက်ရှိလာပြီး နံနက် ၅ နာရီ ထိုးသည်နှင့် “စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့ ” ဟူသော သီချင်းသံဆူညံစွာ အရှေ့ဘက် ကျုံးဆီသို့ နှင်းမှုန်မှုန်အောက် တပျော်တပါး လမ်းလျှောက်ကြတော့သည်။

 

 

ကျွန်တော်ကလည်း ပြောခဲ့သလိုပါပဲ ဟိုပါ သည်ပါ အတော်ပါချင်သည်။ ကိုယ့်အရွယ်နှင့် မအပ်စပ်တာရော ကိုယ့်အရွယ်နှင့် အနေသာကြီးရော ဒုက္ခခံကာပါသည်။ တစ်နှစ်တင် ဆောင်းတွင်း ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အနေနှင့် မြို့နယ်လုံးကျွတ် ကျုံးတစ်ပတ် စက်ဘီးစီးကြမှာတဲ့။ တစ်အိမ်တစ်ယောက် ကိုယ့်စက်ဘီးနှင့် ကိုယ် လာရမှာတဲ့။ ဆိုင်းတန်းက မြို့နယ်ကောင်စီရုံးစုရပ်ကို မနက် ၄နာရီ အရောက်လာရမှာတဲ့။ ကိုင်း.. ကျွန်တော့်မှာ ထိုစဉ်က စက်ဘီးလည်းမရှိ (အစ်မ စက်ဘီးကတာယာကွဲ ကျွတ်ပြဲ စပုတ်ကျိုး ဂွေခွေကာ အိမ်ကြားမှာ ပုံထားရသည်)။ စက်ဘီးမရှိတာ ထားဦး ထိုစဉ်က စက်ဘီးလည်း မစီးတတ်သေး၊ အသက်ကလည်း ၁၀နှစ် ဝန်းကျင်ပဲ ရှိသေး။ အနေသာကြီးဗျာ။ စောင်ခြုံထဲ ကွေးအိပ်နေရုံပဲဟာ။ သို့သော် အဲ့လို မနေသာ၊ အစ်ကိုတွေကလည်း စက်ဘီးကိုယ်စီနှင့် ကျုံးပတ်ကြမှာတဲ့။

 

ထို့ကြောင့် ရပ်ကွက်ဆယ်အိမ်ခေါင်း ဆော်သြထားသလို မနက် ၃နာရီ ဝင်းပေါက်က ကင်းတဲကို အရောက်လာနိုင်ဖို့ပြင်ဆင်နေကြပြီ။ ထိုစဉ်က တိုင်းအဆင့်က မနက်၅နာရီအရောက် ဆိုလျှင် မြို့နယ် အဆင့်က မနက်၄နာရီအရောက်၊ ရပ်ကွက်အဆင့်က မနက် ၃နာရီအရောက်ဟု ဆင့်တာက ထုံးစံဖြစ်သည်။ မနက် ၃နာရီဆိုတော့ ပြင်ဦးဆင်ဦး မျက်နှာသစ်ဦးနဲ့ဆို အိမ်ကနာရီကို နာရီပြန်၂ချက်ထိုး နှိုးစက်ပေးကြရတာပါပဲ။ ထို့ကြောင့် ညကတည်းက စက်ဘီးစီးမည့် အစ်ကိုတွေ ပြင်ဆင်နေကတည်းက ကျွန်တော်က အတူလိုက်ဖို့ စီစဉ်ပြီးပါပြီ။ အိမ်ကိုတော့ ရပ်ကွက် ဆယ်အိမ်ခေါင်းက တစ်အိမ်တစ်ယောက် မလိုက်မနေ လိုက်ရမှာတဲ့ဗျ ဟု ပြောထားသည်။ သည်တော့ ကျွန်တော်လည်း နာရီပြန် ၂ချက် ထဖို့ နှိုးစက်ပေးတော့တာပေါ့။ တကယ်တော့ အဲ့ဒီည ဘယ်သူမှ မအိပ်ဖြစ်ပါ။ ဝင်းပေါက် ကင်းတဲကလည်း ထင်းမီးဖိုကြီးဖိုပြီး စကားဝိုင်းဖွဲ့နေကြသည့်ဘေး သွားငေးရင်း နာရီပြန် ၂ချက်ခွဲလောက် ကတည်းက ဦးချစ်တီးဂျစ်ကားပေါ် အော်လံကြီးတင်၍ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့’ သီချင်းကို တကြော်ကြော်ဖွင့် တော့တာပါပဲ။

 

သည်လိုနှင့် ဝင်းပေါက် ကင်းတဲမှာ ၃နာရီလောက်စု၊ စာရင်းကောက် လူစုံတော့ မြို့နယ်ရုံးရှေ့သွား၊ ၃နာရီခွဲ၊မြို့နယ်ရုံးမှာ ရပ်ကွက်စုံ စောင့်ရင်း လူကြီးတွေ လူစုရင်း ၄နာရီခွဲတော့ သီချင်းသံတကြော်ကြော်နဲ့ ကျုံးတစ်ပတ် စက်ဘီးစီးကြတာပါပဲ။ ကျွန်တော်က အစ်ကိုတစ်ယောက် စက်ဘီးနောက် ကယ်ရီယာပေါ်က ထိုင်လိုက်လိုက်၊ ညောင်းလာလျှင် တခြား အစ်ကိုတစ်ယောက် စက်ဘီး ရှေ့ဘားတန်းပေါ် ခုန်တက်လိုက်၊ နောက်တစ်ယောက် စက်ဘီးနောက် ခွလိုက်ပေါ့။ ကိုင်းဗျာ ကျွန်တော်ကအဲ့လိုပါဆို။ သူများတွေမှာ ချမ်းချမ်းစီးစီးနဲ့ မလိုက်မဖြစ်လို့ လိုက်ကြတာ၊

 

““လူကြီးတွေကမဖြစ်လို့ အိပ်ရေးပျက်ခံပြီး လိုက်ကြတာပါတော်၊ သင်းက ကလေးပီပီ အိမ်မှာ အိပ်မနေဘူး၊ တကတည်းတစ်ညလုံးမိုးလင်း”” ဟုအမေက ကျွန်တော့်ကို မြည်တွန်တောက်တီးသည်။ ““ထူးပြီး လမ်းလျှောက် ရဦးမှာလားဗျာ ကျုပ်ကဈေးတောင်းထမ်းပြီး မနက်တစ်ခေါက် ညနေတစ်ခေါက် တစ်မြို့လုံးလှည့်သွားနေရတာ” ဟုလည်း ဦးကြီးကဆို၏။

 

ငယ်စဉ်က … ဆောင်းမနက် လမ်းလျှောက်ကြ၊ စက်ဘီးစီးကြသည့်အကြောင်း …။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ကိုယ်ခန္ဓာသန်စွမ်းစေဖို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ တဲ့

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW