မတ် ၅ – ၂၀၂၅
SS (VOM)
ဒီကနေ့ မတ် ၅ ရက်၊ မနက်ပိုင်းက ညောင်တုန်းမြို့ကို ဗဟိုပြုပြီး ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကာ ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ ဘုရား၊ ဓမ္မာရုံနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ မြို့နေ ပြည်သူတွေက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ မနက် ၄ နာရီ ၃၇ မိနစ် ဝန်းကျင်မှာ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင် စတင် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ဆက်တွဲ ငလျင်တွေအနေနဲ့ ညောင်တုန်းမြို့အနီး ၁၀ မိုင်မှ ၂၅ မိုင် ဝန်းကျင်ကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၈ ၊ ၃ ဒသမ ၅ နဲ့ ၃ ဒသမ ၁ မဂ္ဂနီကျုရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်ငယ်တွေ ဆက်လက် လှုတ်ခတ်ခဲ့တယ်လို့ မိုး/ဇလက အသိပေးထားပါတယ်။
အဲဒီ ငလျင်ဒဏ်ကြောင့် မအူပင်မြို့ ကျက်သရေဆောင် စိမ်းမြကန်သာ သတ္တဌာနဘုရား မဟာဗောဓိလိုဏ်အတွင်း မှန်တံခါးမကြီး ကွဲကျခြင်း၊ အက်ကြောင်းတွေ ဖြစ်ပေါ်ခြင်း၊ စေတီမကြီး ပတ်လည်အောက်ခြေမှာ အက်ကြောင်းတွေ ဖြစ်ပေါ်ခြင်း၊ အရှေ့ဘက် မုခ်ဦးစေတီ သုံးဆူ အောက်ခြေအက်ကြောင်း ဖြစ်ပေါ်ခြင်း၊ ၁၀၈ တောင်ဘုရား အရှေ့တောင်ခြမ်း ပြိုကျခြင်း၊ အမတော် မမြစိမ်း နန်းဆောင် အုတ်နံရံပြိုကျခြင်း၊ ဂိုထောင်နံရံတွေ ပွင့်ထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့တယ်လို့ စိမ်းမြကန်သာဂေါပကအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
ငလျင်မြို့အတွင်း ငလျင်လှုပ်ခတ်မှု အခြေအနေနဲ့ ပတ်သက်လို့ မြို့နေ ပြည်သူတယောက်က “ငလျင်လှုပ်တော့ တရပ်ကွက်လုံး လမ်းပေါ် ထွက်ထိုင်နေရတယ်။ အိမ်တချို့လည်း နရံတွေပြိုကျ၊ ဗီရိုတွေလဲလို့ ပိမိတဲ့သူတွေလည်း ရှိတယ်။ ပစ္စည်းတွေလည်း ကျကွဲကုန်တယ်။ ဘုရားစင်က ဘုရားတွေလည်း အကုန်ပြိုလဲ၊ ပန်းအိုးတွေလည်း ပြုတ်ကျ၊ မီးချောင်းတွေလည်း တွဲလောင်းတွေဖြစ်လို့။ တော်တော်ကို ဆိုးတာ” လို့ ပြောပါတယ်။
ဒါအပြင် မအူပင်၊ ဇောတိကာရုံကျောင်း ဘုရားဆောင်၊ အမောက် ကွန်ကရစ်ပြားတွေ စွန်းလွန်း ရိပ်သာ လှေကားဆောင် အမိုးပေါ် ပြုတ်ကျတာကြောင့် စွန်းလွန်းရိပ်သာရှေ့ နေကာအမိုးတဝက်လည်း ပြိုကျသွားတယ်လို့ သိရပါတယ်။
မအူပင်မြို့ဟာ ငလျင်ဗဟိုချက် ညောင်တုန်းနဲ့ နီးတာကြောင့် တခြားမြို့တွေထက် ပိုပြီး ငလျင်လှုပ်ခတ်မှု ပြင်းထန်ခြင်းဖြစ်တယ်လို့ သိရပြီး ဒီဖြစ်စဉ်ကြောင့် လူထိခိုက်မှု အခြေအနေကိုတော့ VOM က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလအတွင်းကလည်း မအူပင်မြို့မှာ ငလျင်လှုပ်ခတ်မှုကြောင့် သမိုင်းဝင် ရွှေဘုန်းမြင့်စေတီတော်ရဲ့ ဘုရားစိန်ဖူးတော် မြေခခဲ့ရတဲ့အပြင် အုတ်နံရံ ပြိုကျမှုကြောင့် သီလရှင်တပါးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီမနက်ပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို ဧရာဝတီတိုင်းထဲက မြောင်းမြ၊ ဝါးခယ်မ၊ ကျုံပျော်၊ ညောင်တုန်း၊ ပန်းတနော်နဲ့ မအူပင်မြို့တို့အပြင် ရန်ကုန်တိုင်းထဲက သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ မြောက်ဒဂုံ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ရွှေပြည်သာ၊ ကမာရွတ်၊ လမ်းမတော်၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ လှိုင်၊ ဗဟန်း၊ လှိုင်သာယာ၊ လသာ၊ ဒဂုံ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ သန်လျင်၊ တိုက်ကြီး အစရှိတဲ့ မြို့နယ် အတော်များများကပါ သိရှိခံစားခဲ့ရတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
“ဒီတခါငလျင်က ပိုသိသာတယ်။ ပိုကြမ်းလာတယ်။ ယမ်းခါနေတာ။ အိပ်နေရင်းနဲ့တောင် လန့်နိုးတယ်။ ကုတင်ကြီးလှုပ်နေလို့ ထပြေးရသေးတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၃ ရက်၊ မနက် ၁၀ နာရီ ၃ မိနစ်ဝန်းကျင်ကလည်း ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက် – အနောက်မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာ ရရှိခဲ့တယ်လို့ မိုး/ဇလဌာနက ထုတ်ပြန်ထားပါတယ်။
အခုလို ငလျင်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်လာတာဟာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်မံဖြစ်ပေါ်လာနိုင်သလို ငလျင်ကြီးတခု ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့လည်း လူထုအကြား ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒါနဲ့ ပတ်သက်လို့ မိုး/ဇလဌာန၊ မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတယောက်က “ငလျင်ဆိုတာမျိုးက ကြိုတင်ပြီး ခန့်မှန်းလို့ မရပါဘူး။ မြေငလျင်ရဲ့ သဘောတရားကိုက ပြတ်ရွေ့တွေ လှုပ်ရှားတဲ့ သဘောတရားဆိုတော့ နိုင်ငံတကာမှာလည်း မြေငလျင် ပညာရှင်တွေအနေနဲ့ ကြိုတင်ခန့်မှန်းတာတွေ လုပ်နေကြပေမယ့် အတိအကျ မှန်တာရယ်လို့ မရှိသေးပါဘူး။ ဒါကြောင့် ကောလာဟလ သတင်းတွေလည်း ရှိတတ်ပါတယ်။ အရင်ကတော့ ပဲခူးငလျင်၊ စစ်ကိုင်းပြတ်ရွေ့မှာ ရှိတဲ့ ငလျင်တွေကတော့ ငလျင်အကြီးကြီးတွေပေါ့။ အဲဒီဘက်မှာတော့ လှုပ်ခဲ့ဖူးတဲ့ သမိုင်းရှိတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းထဲမှာတော့ ကျွန်တော်တို့ သိသလောက်တော့ ကြီးကြီးမားမား လှုပ်ထားတာ သိပ်မရှိသေးဘူးလို့ထင်တယ်။ ဒါပေမယ့် ဧရာဝတီတိုင်းက မြေတော့ ပျော့တဲ့အတွက် ငလျင်လှုပ်ရင် တော်တော်များများ သတိပြု ခံစားမိတဲ့သဘော ရှိတယ်” လို့ ပြောပါတယ်။
ငလျင် လှုပ်ခတ်မှုနဲ့ ပတ်သက်လို့ လတ်တလော သတိထားသင့်တဲ့ ပြတ်ရွေ့ကြောတော့ စစ်ကိုင်းပြတ်ရွေ့ဖြစ်ပြီး အဲဒီ ပြတ်ရွေ့ကြောတလျှောက်မှာ ရှိနေတဲ့ မြို့၊ ရွာတွေအနေနဲ့ ငလျင်အန္တရာယ်နဲ့ ပတ်သက်လို့ အထူးသတိပြု နေထိုင်သင့်တယ်လို့ သူက ပြောပါတယ်။
ငလျင်လှုပ်တာဟာ အချိန် သိပ်မကွာတာမျိုး ဖြစ်တတ်သလို တခါတလေမှာတော့ တပတ်၊ နှစ်ပတ်ကနေ တလကြာမြင့်ပြီးမှ ပြန်လည် လှုပ်ခတ်တာမျိုးတွေလည်း ရှိတတ်တယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ မတ် ၅ ရက်မှာ ငလျင်လှုပ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက် ရှိတာမှာ နေ့လယ် ၁၂ နာရီ၊ ၆ မိနစ်၊ ၃၅ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၆၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၆၇ ဒီဂရီ၊ အနက် ၆၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တခု ထပ်မံ လှုပ်ရှားသွားတယ်လို့ မိုး/ဇလဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
ဒါအပြင် မိုး/ဇလဌာနက ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နဲ့ ငလျင်လှုပ်ပြီးချိန်တွေမှာ သတိပြုလိုက်နာ ဆောင်ရွက်သင့်တဲ့ အချက်တွေကို ဒီကနေ့၊ မနက်ပိုင်းမှာ ထုတ်ပြန်ထားပြီး ငလျင်လှုပ်ရှားနိုင်တဲ့ ဒေသ (ဒါမှမဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာ ဒေသတွေမှာ နေထိုင်ကြသူတွေအဖို့ ငလျင်သတိ အမြဲရှိနေကြဖို့နဲ့ ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရစေဖို့ ကြိုတင် ပြင်ဆင်ထားမှုတွေ ပြုလုပ်ထားကြဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
ငလျင်မလှုပ်မီ ဆောင်ရွက်ရမယ့် အချက်တွေကတော့ အခန်းတိုင်းမှာ လုံခြုံတဲ့နေရာကို သိထားရန်၊ လုံခြုံသောနေရာကို ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့ကို လေ့ကျင့်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အန္တရာယ်ရှိတဲ့ နေရာတွေကိုလည်း သိရှိထားရမှာဖြစ်ပြီး အိမ်ပြင်မှာရှိပါက လုံခြုံစိတ်ချရတဲ့ နေရာတွေကို သိထားဖို့နဲ့ ထွက်ပြေးဖို့ လမ်းကြောင်းတွေ၊ အရံထွက်လမ်းတွေကိုလည်း လေ့လာ မှတ်သားထားရမှာ ဖြစ်သလို ရေ၊ ဓာတ်ငွေ့နဲ့ လျှပ်စစ်မီး အရေးပေါ် ဖြတ်တောက်နိုင်မယ့် နေရာတွေကိုလည်း သိထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ရှားချိန် လုပ်ဆောင်ရမယ့် အချက်တွေကတော့ မြေကြီး (ဒါမှမဟုတ်) အဆောက်အအုံ တုန်ခါခြင်းကြောင့် ပြိုကျလာတဲ့ အကျိုးအပဲ့တွေ ထိခိုက်မယ့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်မှာ ချက်ချင်း အမြန်ဆုံးဝင်ပြီး ပုန်းလျှိုးနေရန်၊ ပြိုကျနေတဲ့ အကျိုးအပဲ့တွေ၊ မြင့်မားတဲ့ ပရိဘောဂတွေ၊ ကြမ်းပြင်ပေါ်မှာ လျှောကျနိုင်တဲ့ (ဒါမှမဟုတ်) မှောက်လဲနိုင်တဲ့ လေးလံတဲ့ အရာဝတ္တုတွေကို သတိထားရန်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အပြင်ထွက်တဲ့ တံခါးပေါက်၊ ပြူတင်းပေါက်တွေနဲ့ ဝေးဝေးနေဖို့၊ ငလျင်လှုပ်စဉ် အိမ်အပြင်ကို ထွက်ပြေးခြင်းမပြုဖို့၊ မိမိအနေနဲ့ တိုက်အမြင့်ကြီးမှာ နေထိုင်ပါက လှေကားတွေ (ဒါမှမဟုတ်) ဓာတ်လှေကားတွေမှာ တိုးဝှေ့ခြင်း မပြုဖို့နဲ့ မိမိအနေနဲ့ လမ်းပေါ်ကို ရောက်နေပါက အဆောက်အအုံတွေ၊ လျှပ်စစ်ကြိုးတွေနဲ့ ဝေးကွာတဲ့ ကွင်းပြင်ကို ရောက်ရှိနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ငလျင်လှုပ်ချိန်မှာ မိမိအနေနဲ့ ကားအတွင်း ရှိနေမယ်ဆိုရင်တော့ ကားကို စက်သတ်ရပ်ထားကာ ကားအတွင်းမှာပင် ဆက်နေရမှာဖြစ်ပြီး တံတားတွေ၊ အဆောက်အအုံတွေနဲ့ ဝေးဝေးနေရမှာ ဖြစ်သလို ဆူနာမီရေလှိုင်းကြီးတွေ ဝင်ရောက်လာနိုင်တဲ့အတွက် ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေရမှာဖြစ်တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ပြီးချိန် လုပ်ဆောင်ရမယ့် အချက်တွေကတော့ မိမိကိုယ်ကို အနာတရ ဖြစ်၊ မဖြစ် စစ်ဆေးရန်၊ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ အန္တရာယ်တို့ကို ကာကွယ်ရန်၊ ရှေးဦးသူနာ ပြုစုနည်းတွေနဲ့ ပြုစုရန်၊ အဆောက်အအုံ ထိခိုက်မှု မမာဏကို စစ်ဆေးရန်နဲ့ မီးဘေးအန္တရာယ်ကို တွက်ဆရန်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ပြီးချိန်မှာ မီးခြစ် အသုံးပြုခြင်းကို ရှောင်ရမှာဖြစ်ပြီး မီးခလုတ်တွေကို ပိတ်ထားကာ ဓာတ်မီးနဲ့ ဘတ္ထရီမီးတို့ကို သုံးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စတဲ့ လောင်စာနံ့ရပါကလည်း အဲဒီ နေရာကနေ အမြန်ဆုံး ထွက်ခွာရမှာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေ လှုပ်လာနိုင်တာကိုလည်း သတိပြု ပြင်ဆင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ပြီး နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကတော့ နောက်ဆက်တွဲငလျင်တွေ၊ မြို့ပြမီးဘေးအန္တရာယ်၊ ရေကာတာကြီးတွေ ကျိုးပျက်ပြီး ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ရွံ့မီးတောင်တွေ ပေါက်ကွဲ ပန်းထွက်ခြင်း၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊ ကောလာဟလ သတင်းလွှင့်ခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – စိမ်းမြကန်သာဂေါပကအဖွဲ့