ဒဂုံဆိပ်ကမ်းမှာ ဝန်ချီစက် မတော်တဆမှု ဖြစ်လို့ လူနှစ်​ယောက် သေဆုံး

 

ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄

SP ( VOM)

ရန်ကုန်တိုင်း ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ၆၇ ရပ်ကွက် ၊ မြတ်နိုးသူကွင်းမှာ ဒီကနေ့ မနက်ပိုင်းက ဝန်ချီစက် ( Crane accident.) မတော်တဆမှုဖြစ်ပြီး လူနှစ်ယောက်သေဆုံးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေး အဖွဲ့ ၊ ပရဟိတသမားတယောက်က

” ဒီမနက် ၉ နာရီဝန်းကျင်းလောက်မှာ အသင်းရုံးကို ဖုန်းဆက် အကူညီတောင်းတာကြောင့် မြတ်နိုးသူကွင်းဘက်ကို လူနာ နှစ်ယောက် သွားကယ်ဆယ်ရတယ် ၊ အဲ့ဒီ နှစ်ယောက်ထဲက တယောက်က သေဆုံးနေတယ် ၊ ကျန်တယောက်က သတိမရဘူး ၊ အဲ့ဒီ တယောက်လည်း စံပြဆေးရုံရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဆုံးသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ” ဒီမနက် Crane accident ဖြစ်လို့ နှစ်ယောက်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ဦးမျိုးမြင့်အောင် အသက် ၃၅ နှစ် ၊ သူကတော့ အခင်းဖြစ်နေရာမှာ သေဆုံးတယ် ၊ နောက်တဦးက ဦးမန်းကျော်အသက် ၃၈ နှစ်ဖြစ်တယ် ၊ သူက ဆေးရုံရောက်မှ ဆုံးတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကိုတော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေဆဲမို့ ဖြစ်စဥ်အသေးစိပ် မသိရသေးဘူး ” လို့ ပြောပါတယ်။

ရန်ကုန်မြို့ဟာ ထပ်မြင့်အဆောက်ဦးတွေ များပြားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မကြာခဏ မတော်တဆမှုတွေဖြစ်ပြီး သေဆုံးရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးနှစ်ယောက် ထပ်မြင့်တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအဖွဲ့ ၊ ပရဟိတသမား တဦး

Related posts

Leave a Comment

VOM News

FREE
VIEW