ရွှေဘိုမြို့နယ်မှာ လူငယ်လေးယောက် ပစ်သတ်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၊ ၁ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်ကျေးရွာနားမှာ ဒီကနေ့မနက်ပိုင်းက နယ်မြေရှင်းလင်းတဲ့ နစကတပ်ဖွဲ့က လူငယ်လေးယောက်ကို ပစ်သတ်ဖမ်းဆီးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ရွာနားမှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ အချိန်သိပ်မကြာလိုက်ဘူး ၊ ရွာခံမဟုတ်တဲ့ လူငယ်လေးယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ နောက်ပြီး သေဆုံးသူတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းသွားတယ်လို့ ကြားရတယ် ၊ ဘာလက်နက်တွေဆိုတာတော့ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ရွှေဘိုလမ်းကြောင်းမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲတာကြောင့် လုံခြုံရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်တယ် ၊ ဒီမနက်တော့ ဇီးဖြူကုန်းရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ အမျိုးသား ရုပ်အလောင်း လေးလောင်းနဲ့ AK 47 သေနတ် နှစ်လက် ၊ ကာဘိုင် သေနတ် တလက် ၊ ၁၂ ဗို့ သေနတ် တလက် ၊ ပစ္စတိုသေနတ် နှစ်လက် ၊ လက်လုပ်သေနတ် နှစ်လက် ၊ လက်လုပ်စိန်ပြောင်း နှစ်လက် ၊ လက်လုပ်မိုင်း ၂၃ လုံး အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ကာဘိုးကျေးရွာမှာရှိတဲ့ နစက ပြည်သူ့စစ် စခန်း နှစ်နေရာကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်သား နှစ်ယောက် ၊ ပြည်သူ့စစ် လေးယောက်နဲ့ ပြည်သူ့စစ် မိန်းမ တယောက် သေဆုံးပြီး ကာဘိုင်သေနတ် ၂ လက် ၊ MA1 သေနတ် ၁ လက် ၊ G3 သေနတ် ၁ လက် ၊ အိန္ဒိယ ပြောင်းချော သေနတ် ၃ လက် ၊ ပစ္စတိုသေနတ် ၁ လက် ၊ လက်လုပ်ပစ္စတို သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ ပါသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်း ပစ်သတ်ဖမ်းဆီးခံရသူ ဆယ်ယောက်ထက် မနည်း ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW