မုံရွာမြို့နယ်ထဲက နဂါးတွင်းရွာနားမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက် သေဆုံးတာတွေရှိ

ဖေဖော်ဝါရီ ၊ ၄ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ နဂါးတွင်းကျေးရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၃ ရက် ၊ နေ့လယ်ပိုင်းက နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက် ပြောပြတာက
” နဂါးတွင်းရွာနားက ရွာအဝင်လမ်းမှာ မနက် ၁၁ နာရီဝန်းကျင်ကစလို့ တိုက်ပွဲတွေဖြစ်တယ် ၊ နဂါးတွင်း ရွာကိုဝင်လာတဲ့ စစ်ကြောင်းနဲ့ PDF တွေဖြစ်ကြတာလို့ သိရတယ် ၊ နှစ်ဘက်စလုံး သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” နဂါးတွင်းရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ ထိတွေ့မှုမှာ ညောင်ဖြူပင် ရဲကင်းစခန်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ဒုရဲအုပ် ထက်လင်းမြင့် ၊ ရဲတပ်သား အောင်စိုးထွန်း အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ၊ လေးယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီအပြင် တဖက်အဖွဲ့ရဲ့ အလောင်း လေးလောင်း သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ ဖော်ပြထားတာက မုံရွာ – အမြင့်ကားလမ်းမှာ တိုက်ပွဲဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ယောက်သေဆုံးပြီး သေဆုံးသူတွေကို နေအိမ်တွေထည့်ကာ မီးရှို့သွားတယ် ၊ အိမ်ခြေတရာကျော် မီးလောင်ပျက်စီးတယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ဘက်က ဒဏ်ရာရသူ ငါးဦးရှိတယ်လို့ ထုတ်ပြန်တာ တွေ့ရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ နဂါးတွင်းရွာနားက ကြာပိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၃ ရက်က လူနေအိမ်ခြေ အလုံး ၅၀ ကျော် မီးရှို့ခံရပြီး အဲ့ဒီ မီးလောင်ပြင်ထဲကနေ ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ရှစ်လောင်းထက်မနည်း တွေ့ရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW