ဆီးရီးယားနဲ့ အီရတ်မှာ တိုက်ခိုက်မှု အီရန်အပေါ် တုံ့ပြန်မှုအစလို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၄
မျိုးဆက်(VOM)

ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွပစ်မှတ်တွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေဟာ အီရန်အပေါ် တုံ့ပြန်မှု အစသာဖြစ်ပြီး အဆုံးသတ်မဟုတ်သေးဘူးလို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

တုံ့ပြန်မှုမှာ နောက်ထပ်ခြေလှမ်းတွေရှိလာလိမ့်မယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျော်ဒန်ရှိ စစ်အခြေစိုက်စခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဆီးရီးယားနဲ့ အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွပစ်မှတ်တွေကို အမေရိကန်က လက်တုံ့ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အီရန်က ငြင်းဆိုထားပြီး အီရန်ကျောထောက်နောက်ခံပြု အစ္စလာမ္မစ်ခုခံရေးအဖွဲ့ကတော့ သူတို့လက်ချက်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုမှာ အီရန်လုပ်မောင်းသူမဲ့လေယာဉ်ကို အသုံးပြုထားတယ်လို့ အမေရိကန်က ဆိုပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဟာ အစ္စလာမ္မစ်တော်လှန်ရေးအဖွဲ့တွေအတွက် လက်နက်၊ ငွေကြေးနဲ့လေ့ကျင့်မှုတွေ ပြုပေးနေတယ်လို့ယုံကြည်ရပါတယ်။ အမေရိကန်ဟာ ကွပ်ကွဲထိန်းချုပ်မှု၊ လက်နက်သိုလှောင်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ တခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုတဲ့စစ်သွေးကြွတွေရဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW