ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကားကွင်းမီးလောင် ၊ လူနှစ်ယောက် သေဆုံးပြီး ၊ တယောက် ပျောက်ဆုံးနေ

 

ဖေဖော်ဝါရီ ၊ ၅ ၊ ၂၀၂၄

SP +SN (VOM)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ယာဥ်လိုင်းပေါင်းစုံဝင်းထဲမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး အဲ့ဒီ မီးလောင်မှုကြောင့် လူတချို့ ထိခိုက်သေဆုံးမှုတွေရှိသလို ပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ မီးလောင်မှုနဲ့ပတ်သက်လို့ ဒေသခံတယောက်က ” ဒီမနက် ၅ နာရီဝန်းကျင်မှာ မီးစလောင်တယ် ၊ မီးလောင်တဲ့ နေရာက မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်း၊ ပစောက်ဝင်း သို့မဟုတ် (ပ)ဝင်း၊ တနင်္သာရီလမ်းမှာဖြစ်တယ် ၊ မီးစတင်လောင်တာက ပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ လောင်တာဖြစ်တယ် ၊ မီးထဲပါသွားတာက ဝင်း ကားဂိတ် ၊ ရာဇာမင်း ကားဂိတ်၊ အောင်ကျော်ဇော ကားဂိတ် စတဲ့ ကားလက်မှတ် အရောင်းဌာန ဂိတ်တွေ ကူးစက်လောင်တယ် ၊ အဲ့ဒီလို ကူးစက်လောင်ခံရတဲ့ ဆိုင်ခန်း ၁၀ ကျော်တယ် ၊ နောက်ပြီး ရွှေလင်းယုန် ကားဂိတ်ထဲမှာ အိပ်နေတဲ့ လူသုံးယောက်အနက် နှစ်ယောက်က မီးလောင်သေဆုံးပြီး ကျန်တယောက်က ပျောက်ဆုံးနေတယ် ” လို့ ပြောပါတယ်။

အဝေးပြေး အောင်မင်္ဂလာကွင်း ကြီးကြပ်ရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဘယ်ကနေ မီးစလောင်တယ်ဆိုတာ သေချာစီစစ်ပြီးရင် ထုတ်ပြန်ပေးမယ် ၊ အခုတော့ စစ်ဆေးနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ကားကွင်းမှာနေတဲ့ သူတချို့ရဲ့ ပြောကြားချက်အရ မီးစတင်လောင်ကျွမ်းရခြင်းဟာ ရွှေလင်းယုန် ဂိတ်နေရာက စတင်လောင်ကျွမ်းခြင်းဖြစ်တယ် ၊ ဝါယာရှောခ့်လား ၊ ခြင်ဆေးခွေကလား အသေချာမသိရသေးဘူး ၊ အဲ့ဒီ မီးလောင်မှုပတ်သက်ပြီး ရွှေလင်းယုန် ဂိတ်တာဝန်ရှိသူကိုတော့ ခေါ်ဆောင်သွားတယ် လို့ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနကို VOMက ဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ် မရသေးပါဘူး။

 

Related posts

Leave a Comment

VOM News

FREE
VIEW