မင်္ဂလာဆောင်

 

ဆူးငှက်

 

သည်ကနေ့မနက် အမေ ဈေးရောင်းမထွက်…။အခါတိုင်း အိပ်ရာကနိုးလာလျှင် အမေ့ဈေးတောင်း က တံစက်မြိတ် ခုံရှည်ပေါ်မှာ ပြင်ဆင်ပြီးပြီ။ သည်ကနေ့ အမေ့ဈေးတောင်း မတွေ့..။ အိပ်ရာက နိုးလာတော့ ကရမက်တုံးလေးသွေးကာ မျက်နှာကိုလည်း ပွတ်လိမ်း..။ လက်ညှိုးနှင့် သပ်၊လည်း ခံတွင်းသို့ သွင်းနေရင်း ရင်လျားကို ပြင်ဝတ်သည်။

အမေက ဖီးလိမ်း ပြင်ဆင်ပြီး အိမ်ရှေ့ကွပ်ပျစ်ကြီး မှာ သင်္ဘောဝါးကြမ်းစင်ပေါ် လိတ်ထားသော ကတ္တီပါကွပ် သင်ဖြူးကြီးကိုခင်းသည်။ အလို..အစ်မကလည်း ဖီးလိမ်း ပြင်ဆင်ပြီးပါလား။ အဖေကလည်း ကမြစ်အင်္ကျီသစ်ကို ရွှေကြယ်သီး တပ်ပြီး ဘန်ကောက် ပုဆိုးဝတ်ကာ ခပ်မော့မော့ထိုင်ရင်း ရေနွေးကြမ်း သောက်နေသည်။ အဖေသောက်သည့် အကြမ်းအိုးကလည်း အခါတိုင်း အိုးမဟုတ်။ တရုတ်ပြည်မှလာသော ကြိမ်ကြုတ်ထဲက ကြွေအိုးနှင့် ဖြစ်သည်။ ထိုကြုပ်ကို အိမ်တွင် တစ်နှစ်မှ တစ်ခါသာ ကြွလာသည့် ပေါက်ဆိန်ပေါက်ကျောင်း ဆရာတော်ကြွလာမှ ထုတ်သုံးဖူးသည်။ ဟော…အခု..။

တောင်ဘက်အိမ်က ဒွေးလေးတို့လည်း ဖီးလိမ်းပြင်ဆင်ကာ ကန်တော့ပွဲ ထိုးနေသည်။ ကန်တော့ပွဲကို သနပ်ခါးရေများနှင့် ပက်ပြီးနောက် ကတ္တီပါကွပ်သင်ဖြူးကြီးခင်းထားသော ကွပ်ပျစ်ခေါင်းရင်းမှာ လာထားသည်။ ကျွန်တော်ကိုလည်း ရေချိုးအပြီး အမေက သနပ်ခါးလူးပေး..။ ကမြစ်အင်္ကျီအသစ်လေးဝတ်ပေး၊ ပုဆိုးအသစ်လေးဝတ်ပေး၊ ဘိုကေမှာ အုန်းဆီတွေ ရွှဲနေအောင်လူးကာ ဆံကြောင်းပေါ်အောင် ခေါင်းဖြီးပေးသည်။ ပုဆိုးကို အစ်မ၏ မျှော့ကြိုးခါးပတ်ကို ပတ်ပေးကာ ချပ်ချပ်ရပ်ရပ်ဝတ်ပေးပြီးမှ အမေက “ဒီနေ့ နင့်အစ်မကို လာတောင်းကြမလို့..” ဟုပဲပြောသည်။ အစ်မကို တောင်းမလို့တဲ့။ အစ်မကို ဘာတောင်းမှာလဲ..။ နားမလည်။ “အနောက်ဝင်းက မငွေသက်တူ မောင်သိန်းက …”ဒါလည်း နားမလည်။

မကြာမီ အိမ်မှာ ဧည့်သည်တွေ အများကြီး ရောက်လာသည်။ ကွပ်ပျစ်ကြီးပေါ် တချို့၊ ခုံရှည်ပေါ်တချို့၊ မိုးတိုး မတ်တပ် တချို့ စကားပြောကြသည်။ ဦးကြီးချိုတို့၊ ဦးကြီးကောင်းရင်တို့၊ ဒေါ်ကြီးဒေါ်ငွေသက်တို့၊ ဦးကြီး ဘထွန်းတို့ အပြန်အလှန် ပြောကြတာကြားမှ အစ်ကို ဒေါ်ကြီးဒေါ်ငွေသက်တူ ကိုမောင်သိန်းနှင့်ပေးစားဖို့ ပြောဆိုကြကြောင်း သိရ၏။ “ပုဆိုးတန်းတင် အကြင်လင်မယား”၊ မောင်တစ်ထမ်း မယ်တစ်ရွက်”၊ “မရှိအတူ ရှိအတူ”၊ “ဘုရားသွားအတူ၊ ကျောင်းသွားအတူ”စသော စကားပုံများဖြင့် ပြောဆိုကြ၏။ ပြီးတော့ တပို့တွဲလဆန်းမှာ မင်္ဂလာဆောင်နှင်းကြမည်ဟု ရက်သတ်မှတ်ကြသည်။ သေချာတာကတော့ ရွှေစကား ငွေစကားမပါ။ ငွေကြေးစကားမပါ။ ပါလာတာကတော့ လမ်းထိပ်က ဘကြီးရွှင်အိမ်ဆိုင်က ကိတ်မုန့်တုံးကြီး ၄၊၅၊၁၀ တုံးပါလာသည်။ ဦးဘစိမ်းဆိုင်က လက်ဖက်ရည်ချိုချို ကရားကြီး ၃ကရားပါသည်။ ကိတ်မုန့်တွေလှီး၊ တိုက်ပန်းကန်ပြားထဲထည့် လက်ဖက်ရည်ခွက်ကိုယ်စီနှင့် အားပါးတရ စားကြသောက်ကြ၏။ ကိတ်မုန့်လိုလို့ နောက်ထပ် ၂လုံးထပ်ယူရသည်။

 

မင်္ဂလာမဆောင်မီ အစ်မက အမေနှင့်အတူ ရုံတော်ကြီးကြယ်နီစတိုးက နှုတ်ခမ်းနီဗူး၊ မိတ်ကပ်ဗူးတွေ ဝယ်သည်။ ဆံညှပ်ဝယ်သည်။ ပုဝါဝယ်သည်။ အဝတ်အစားအချို့ကို ဈေးချို အက်(ဖ်)ရုံထဲက အန်တီအုန်းတို့ ဆိုင်မှာပဲဝယ်၏။ အန်တီအုန်းတို့ ဆိုင်မှာ တောင်မြို့ချိတ်အဆင်စုံရှိသည်။ အင်္ကျီကို ထန်းမြင့်ရပ်ထဲက မမညွန့်စက်ဆိုင်မှာ အပ်ထားသည်။ အစ်မအတွက် အဝတ်အစားက သူစုထားသည့် စုဘူးလေးနှင့်ပဲ အတော်လုံလောက်သွားသည်။

တပို့တွဲလဆန်းကတည်းက အိမ်မှာ ကန်တော့ပွဲတွေ ထိုးထား၏။ သာသနာပွဲ၊ မိဆိုင်ဖဆိုင်ပွဲတွေ ဖြစ်သည်။ မင်္ဂလာရက် မတိုင်မီ တစ်ပတ်လောက် ကြိုပြီး အရှေ့ဘက် ဆီစက်ဝင်း ဓမ္မာရုံရှေ့ကွက်လပ်မှာ မဏ္ဍပ်တိုင်ထူသည်။ မဏ္ဍပ်တိုင် ထူတော့လည်း ကန်တော့ပွဲတစ်ပွဲ ထိုးရုံံသာဖြစ်သည်။ မဏ္ဍပ်တိုင် ထူကတည်းက ကျွန်တော့က အမေ့ကို ““ကျွန်တော်ကျောင်းနားရတော့မှာလား”” ဟု အမေက ဆူသည်။ သို့သော် ကျောင်းဆင်းသည်နှင့်အရင်ကလို အိမ်တော်ရာ စောင်းတန်းထဲ ဒိုးပစ် အချိန်မဖြုန်းတော့ဘဲ အိမ်သို့ တန်းပြန်သည်။ အဝတ်အစားလဲပြီး မဏ္ဍပ်တိုင်ထူထားရာ ကွင်းပြင်မှာပဲ ဆော့သည်။

 

မဏ္ဍပ်ဆောက်တော့ ပျော်လိုက်သည်မှာ ပြောဖွယ်မရှိ။ မဏ္ဍပ်ဆရာက ဒေါင်းရိုးဆရာနွဲ့ဖြစ်သည်။ သူ့တိုက်က မဏ္ဍပ်ထည်တွေ၊ ဝါးလုံးတွေ လှည်းနှင့်တင်ပြီး စဆောက်ကတည်းက ကျွန်တော်က အနားရှိ ဘွိုင်လာသုံးလွှစာပုံမှာ ကျွမ်းပစ်၊ ကောင်းလှ၏။ အစ်မ မင်္ဂလာဆောင်မှာမို့ မောင်က မျက်နှာပွင့်သဖြင့် ကစားဖော်များကလည်း အရေးပေးလှသည်။ အိမ်မှလည်း ရွာက ဧည့်သည် တွေရောက်လာ၊ စည်ကားနေ သည်။ လက်ဖက်ရည်ကြမ်းအိုးနှင့် လက်ဖက်ခွက်မှာ ပြတ်သည်ဟူ၊ မရှိတော့..။

 

မဏ္ဍပ်က သုံးခန်းမျက်နှာဖွင့်ပြီး ၅ခန်းရှည်သည်။ မဏ္ဍပ်အဆုံးမှာ အငြိမ့်စင်လည်းပါ၏။ မန္တလေးမှာ မင်္ဂလာဆောင်ကြလျှင် ထိုစဉ်က မဏ္ဍပ်နှင့်ပဲ ဆောင်တာများသည်။ မဏ္ဍပ်၏မှာ ထိပ်၊ ခိုနန်းချိုးနှင့် မုခ်ဆောင်ပါသည်။ တချို့ဆိုလျှင် မုခ် ၃ ဆောင်ပြိုင်ပြီး အလယ်မုခ်က ပိုမိုကြီးသည်။ အလှူမဏ္ဍပ်ဆိုလျှင် အလယ်မုခ်မှာ ပြသာဒ်ပေါက်ကြ၏။ မဏ္ဍပ်ရှေ့မှာ ဥယျာဉ်ဆောက်ထားသည်။ ဥယျာဉ်ထိပ်မှာ မြားနတ်မောင် ရုပ်လုံးလေးတွေလည်းပါသည်။ ဥယျာဉ်တွင် အသင့်စိုက်ပန်းအိုးများအပြင် ဆန်ရောင်စုံဖြင့်လည် ခင်းကျင်း အလှဆင်ထားသည်။ မဏ္ဍပ်ဆောက်သည့်ညက ရပ်ကွက်အသင်းမှ အောက်လင်းဓာတ်မီးကြီးတွေငှားပြီး ကာလသားတစ်စုက အမှိုက်လှည်းကျင်းကြ၊ မြေညှိကြ၊ မြေဖို့ကြ၊ ရေဖျန်းကြသည်။ စားပွဲခင်းများ ခင်းကြသည်။ ပန်းအိုးများကိုတော့ မနက်စောစောမှာပဲ ထိုးကြမှာတဲ့။ ည၉နာရီ လောက်တော့ အငြိမ့်လှည်း ရောက်လာသည်။ အငြိမ့်လှည်းဝင်လာကတည်းက ကျွန်တော်တို့ကလေးများက လှည်းရံတိုင်မှာ ချိတ်လာသည့် စည်တိုတွေ၊ စခွန့်တွေ၊ ပတ်မကြီးတွေထုကြသည်။ ခပ်ကဲကဲ ကလေးက လှည်းပေါ်ထိ တက်ပြေးပြီး ဘင်ကြီးကို တဘိန်းဘိန်းထုသည်။ ဘင်ကြီးပေါ်မှာ “စန္ဒရားကိုဘသိန်း တည်ထောင်သည့် မမကြီးအငြိမ့်” ဟု ပန်းချီစာလုံးရေးထားသည်။

 

ခဏနေတော့ ရွှေမြို့တော်မုန့်တိုက်မှ ကိတ်မုန့်သစ်သားဘန်းကြီးတွေ သတင်းစာစက္ကူများပတ်ပြီး ဆိုက္ကားတစ်စီးနှင့် ရောက်လာတော့ ကာလသားခေါင်းက ဗလာစာအုပ်ထဲ စာရင်းမှတ်ပြီး သိမ်းဆည်းသည်။ ရပ်ခံအောင်သပြေ အသံချဲ့စက်က တောင်ရွာသစ်က ပွဲကူးရှိ၊ နောက်ကျနေသောကြောင့် ဝိုင်းဝန်း ပြင်ဆင်ကြ၏။ ရောက်သည်နှင့် မဏ္ဍပ်ရှေ့ မန်ကျည်းပင်ပေါ် ဟွန်း တပ်ဆင်သည်။ မဏ္ဍပ်ပေါ်မှာ ဟွန်းတစ်လုံးဆင်သည်။ အချိန်ဆိုင်းမနေတော့ဘဲ ရေကင်းသံဖွင့်တော့၏။

မင်္ဂလာဆောင်နေ့မှာ မနက်မလင်းခင်ကတည်းက စတင်ပြင်ဆင်ကြသည်။ မနက် ၆နာရီထိုးတော့ သတို့သား၊ သတို့သမီးရော၊ နှစ်ဖက်မိဘတွေရော မဏ္ဍပ်ထဲရောက်နေကြပြီ။ အပျိုရံများကလည်း ကမ်းပန်းတွေထည့်ထားသည့် ငွေဖလားကြီးကိုယ်စီပိုက်ပြီး မဏ္ဍပ်ပေါက်မှာ အသင့်ရောက်နေကြသည်။ အသံချဲ့စက်က သီချင်းတကြော်ကြော်၊ အငြိမ့်အဖွဲ့က ပတ်စာကပ် အသံစမ်းနေ၏။ သတို့သမီး အမေက ပဝါကြီးစုံချပြီး မျက်နှာက သနပ်ခါးညီရဲ့လားဟု အနားရှိသူကို မေးသည်။ ဧည့်သည်တွေရောက်လာတော့ မုန့်ပွဲ အစုံချသည်။ ပလိန်းကိတ်အချပ်တွေက တစ်ပွဲ၊ သစ်သီးကိတ်အချပ်တွေက တစ်ပွဲ၊ ပန်းကိတ်အစုံက တစ်ပွဲ၊ လက်ဖက်အကြော်စုံနှင့် နဂါးပွဲထိုင် ဆေးလိပ်များ..။ မုန့်တစ်ခုစားသည်နှင့် တစ်ခုဖြည့်သည်။ သောက်စရာက အိုဗာတင်းကြိုက်ကြိုက်၊ မိုင်လို ကြိုက်ကြိုက်၊ တစ်ခွက်နှင့် မလောက်လျှင် တစ်ခွက်ထပ်သောက်နိုင်၏။ ကြိုက်သလောက်စား၊ ကြိုက်သလောက် သောက်ရင်း၊ အငြိမ့် ကြည့်ကြသည်။

လက်ဖွဲ့ခုံမှာက ကာလသားအကြီးများက ထိုင်ကြ၏။ လက်ဖွဲ့ပြန်အဖြစ် တစ်တောင်လောက်ရှည်ကာ ဒင်္ဂါးပြားလောက် တုတ်သည့် ရွှေပတ်ဆေးလိပ်ကြီးတွေ ကမ်းသည်။ မင်္ဂလာပွဲက ပြန်အထွက် မဏ္ဍပ်ပေါက် မှာလည်း ယပ်တောင်တွေ ကမ်းသည်။ ထိုစဉ်က လက်ဝတ်လက်စားတွေ အပြင်ဆွေမျိုးသားချင်း များက စုဝေးသည့် လက်ဝတ်လက်စားတွေပါဝတ်သည်။ တစ်ခါတစ်ရံ ရပ်ကွက်တွင်း မျက်နှာကြီး ပိုက်ဆံရှိ မိသားစုက တစ်ဆင်စာအပြည့် ရတနာအစစ်တွေချည်း ဆင်ပေးသည်။ မင်္ဂလာပွဲက နေ့လယ် မွန်းတည့်ကျော်မှ ပွဲသိမ်းသည်။ လက်ဖွဲ့စာရင်းချုပ်အပ်နှံပြီး နှစ်ဖက်မိဘကို ကန်တော့သည်။ ကာလသား၊ ကာလသမီးအပျိုရံများ အား ခဲကြေးဟု ဆိုကာ ထိုက်တန်သလောက် မုန့်ဖိုးပေးရသည်။ အပျိုရံများက ရသည့်ငွေဖြင့် မြင်းလှည်း တစ်စီးငှားပြီး မြို့ဂုဏ်ရောင်ရုံမှာ ရုပ်ရှင်သွားကြည့်ကြသည်။

ကာလသားများက ညနေ ရုံတော်ကြီးက “ရှမ်းပင်”စားပွဲရုံမှာ ချိန်းကြ၏။ သတို့သား သတို့သမီးက မြင်းလှည်းတစ်စီးနှင့် ရေစက်ရုံကြီးနားက “လှဂုဏ်ရည်”ဓာတ်ပုံတိုက်မှာ နှစ်ယောက်တွဲ ဓာတ်ပုံရိုက်ကြသည်။ ရလာသည့် လက်ဖွဲ့ငွေထဲက ရှင်းစရာရှိတာ ရှင်းပေး၊ ပေးစရာရှိတာပေးပြီး ပိုလျှံသော ငွေများက အသစ်စက်စက် ဇနီးမောင်နှံအတွက် အိမ်ထောင်ဦး ပိုင်ဆိုင်ငွေဖြစ်သည်။ ဒါက.. မန္တလေးမှာ အစဉ်အဆက် ထွန်းကားခဲ့သော မင်္ဂလာဆောင်ပုံစံများဖြစ်ပါ၏။ တတ်နိုင်သူက ထိုညမှာ မင်္ဂလာဆောင်အောင်ပွဲအဖြစ် မြို့မနှင့် အငြိမ့်ဧည့်ခံပြန်သည်။ ဒါက အင်မတန်ချဲ့သည်ဆိုသော မင်္ဂလာဆောင်မှ…။

ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #မင်္ဂလာဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW