တံတားဦးမြို့နယ်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် နှစ်ယောက် ပစ်သတ်ခံရ ၊ မန်းတိုင်း တောင်ပိုင်းမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ

 

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄

SP (VOM)

ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းရဲ့ တောင်ပိုင်းက တံတားဦး ၊ မြင်းခြံနဲ့ မိတ္ထီလာခရိုင်ဘက်တွေမှာ နှစ်လောင်းပြိုင် ၊ သုံးလောင်းပြိုင် စတဲ့ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီလို လူသတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပရဟိတသမားတယောက်က ” မနေ့ ဖေဖော်ဝါရီ ၆ ရက် ၊ မနက် ၅ နာရီဝန်းကျင်မှာ တံတားဦးမြို့နယ် ၊ ပေါက်မြိုင်ကျေးရွာမှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ အသတ်ခံရတဲ့သူတွေကတော့ အရင်က ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ၊ နောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ဦးမွန်ကျော်ဆိုသူနဲ့ ပြည်ခိုင်ဖြိုး ပါတီ ရပ်ကျေး အဖွဲ့ဝင် ဦးနိုင်ဝင်း ဆိုသူတို့ဖြစ်တယ် ၊ မနေ့မနက်ပိုင်းက သူတို့နှစ်ယောက်ဟာ စစ်ကိုင်းဘက်ကနေ ပေါက်မြိုင်ရွာဘက်ကို စက်လှေနဲ့ကူးလာတဲ့အချိန် ဧရာဝတီမြစ်နားမှာ ပစ်သတ်ခံရတာ ” လို့ ပြောပါတယ်။

အဲ့ဒီနောက် သေဆုံးသူ ပြည်ခိုင်ဖြိုး ပါတီဝင် နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက တံတားဦး ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက တံတားဦးမြို့နယ် ၊ ထောက်ရစ်ကျေးရွာမှာနေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံတဲ့သူ ဦးစိုးမြင့်ထွန်း ၅၃ နှစ် (ယခင် ကျေးရွာအုပ်ချုပ်ရေးမှူး ) နဲ့ ဒေါ်သက်နွယ်အောင် ၄၃ နှစ် သူတို့နှစ်ယောက် အသတ်ခံရတယ် ၊ အဲ့ဖြစ်စဉ်နဲ့အတူ တံတားဦးမြို့ရဲ့ အနောက်မြောက်ဘက် ၂၄ မိုင်လောက်မှာရှိတဲ့ တပယ်ကျေးရွာ စာသင်ကျောင်းမှာ အလယ်တန်းပြဆရာမ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မီမီထွန်း ၄၁ နှစ်လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ မိတ္ထီလာခရိုင် ၅ ရက် မနက်ပိုင်းက ၊ မလှိုင်မြို့နယ် ၊ သရက်ကန် (တောင်) ကျေးရွာမှာရှိတဲ့ ဘုန်းကြီးတပါးနဲ့အတူ ကျောင်းကပ္ပိယ တယောက် အသတ်ခံရတယ်လို့ သိရပြီး အဲ့ဒီ ဖြစ်စဉ်နဲ့အတူ မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာမှာလည်း အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဒီနောက် ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ မြင်းခြံ – နဘူးအိုင် ကားလမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက စွန့်ပစ်ထားတဲ့ အမျိုးသမီး ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ သစ်ရုံကျေးရွာ၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းရဲ့ တောင်ဘက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ကျောက်ဆည် ၊ ဝမ်းတွင်း ၊ မိတ္ထီလာ ၊ ပျော်ဘွယ် ၊ မလှိုင် ၊ မြင်းခြံ၊ နွားထိုးကြီး ၊ တောင်သာ ၊ ငါန်းဇွန် ၊ တံတားဦးစတဲ့မြို့နယ်တွေမှာ နှစ်လောင်းပြိုင် ၊ လေးလောင်းပြိုင် ၊ ခြောက်လောင်းပြိုင် လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW