မင်းကင်းမြို့နယ် ကံကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လူနေအိမ် ၈၀ ကျော် မီးလောင်

 

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ ကံကျေးရွာအုပ်စု ၊ ကံကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၆ နာရီက လူနေအိမ်တွေ မီးရှို့ခံရလို့ အိမ်ခြေ ၈၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဒီမနက် အစောပိုင်းကတည်းက ရွာက ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ပစ်ခတ်တာတွေဖြစ်တယ် ၊ အဲဒီနောက် မနက် ၆ နာရီဝန်းကျင်မှာ ရွာကို မီးစလောင်တော့တယ် ၊ ကနဦး ကောက်ယူရရှိထားတာက လူနေအိမ် ၈၀ ကျော် ၊ စပါးတိုက် ၁၄ လုံး ၊ စုစုပေါင်း စပါး တထောင်ကျော်လောက် မီးထဲပါသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မင်းကင်းနယ် ကံရွာမှာ ဒီမနက် ထိတွေ့မှုဖြစ်ပြီးနောက် မီးရှို့ခံရတယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ ပြည်သူ့စစ် တယောက် ထိခိုက်ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း မင်းကင်းမြို့နယ် ၊ သင်တော ၊ ညောင်ပင်သာ ၊ အုန္နဲဘုတ် ၊ တောင်တွင်းချောင် စတဲ့ကျေးရွာတွေမှာ မီးလောင်မှုတွေဖြစ်ပြီး လူနေအိမ်ခြေ နှစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ အပြင် မီးလောင်မှုဖြစ်စဥ်တွေကြောင့် အရပ်သား ၄၀ ကျော်သေဆုံးရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW