တာချီလိတ် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

 

ဖေဖော်ဝါရီ ၈ – ၂၀၂၄

SN (VOM)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိဟာ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်၊ မနက်အစောပိုင်းမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံအတွင်း ဆေးကုမှုခံ ယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်ကာ တာချီလိတ်၊ နဂါးနှစ်ကောင် ကျောင်းတိုက်အတွင်းရှိ သီးသန့်ဆောင်မှာ ဆက်လက် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ပျံလွန်တော်မူချိန်မှာတော့ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ အကူး၊ မနက်အစောပိုင်း ၁၂ နာရီ၊ ၂ မိနစ်အချိန်က ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ စျာပနအခမ်းအခမ်းအနား ကျင်းပနိုင်ဖို့အတွက် လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေ၊ ဂေါပကအဖွဲ့တွေ၊ ရှမ်းတိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ တွေ့ဆုံ ဆွေးနွေးနေပါတယ်” လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။

နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းကိန်ကျေးရွာမှာ ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်းတို့က မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ စိုင်းရှဲန်လာ ဖြစ်တယ်လို့ သိရပါတယ်။

၁၂၉၉ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်မှာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံမှာ “ရှင်ရှဲန်လာ” အမည်နဲ့ သာမဏေ အဖြစ် ခံယူခဲ့ပြီး ရဟန်းအဖြစ် ရောက်ရှိချိန်မှာတော့ အရှင်ဓမ္မသီရိ အဖြစ် အမည်တွင်ခဲ့တယ်လို့ သိရပါတယ်။

နဂါးနှစ်ကောင်ကျောင်းတိုက်မှာ စာသင်သား၊ ရဟန်း၊ သာမဏေတို့ကို အစိုးရ ပထမပြန်နဲ့ ဓမ္မာစရိယဆိုင်ရာ နေ့ဝါ၊ ညဝါ ပရိယတ္တိစာပေတွေကို သင်ကြားပို့ချတော်မူ ခဲ့တဲ့အပြင် ဓမ္မပဒ (ဂုံရှမ်းဘာသာ)၊ ပိဋကတ်သုံးပုံ (ဂုံရှမ်းဘာသာ) ကျမ်းတို့ကိုလည်း ရေးသား ပြစုခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ကြီးဟာ ပုန်းတွန်ကျောင်း၊ နဂါးနှစ်ကောင်ကျောင်း စတဲ့ ကျောင်းတွေအပါအဝင် ကျောင်းတိုက်ပေါင်း ၁၂ တိုက်ကို တည်ထောင်တော်မူခဲ့တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW