ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၄
SP ( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့(မြို့နယ်ခွဲ) အရှေ့ဘက် အင်းသာရွာနဲ့ ဟဲပါးကျေးရွာကြား အင်းတော်ကြီး – ဖားကန့်လမ်းပေါ်မှာ မနေ့ ဖေဖော်ဝါရီ ၈ ရက် ၊ မနက်အစောပိုင်းက ရဲတွေစီးလာတဲ့ကားကို KIA နဲ့ PDF အဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ အင်းသာကျေးရွာခံ တယောက်က
” မနေ့က မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်တယ် ၊ KIA နဲ့ PDF အဖွဲ့တွေက ကားကိုတားတယ် ၊ ရပ်မပေးပဲ မောင်းပြီးထွက်ပြေးတာကြောင့် ကားကိုပစ်လိုက်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ကားက ရှေ့ဆက်မသွားနိုင်တော့ပဲ လမ်းဘေးထိုးရပ်သွားတယ် ၊ ဒီနေ့ခင်း နောက်ဆုံးကြားရတာက ပစ်ခတ်ခံရတဲ့ကားက ရဲအရာရှိတွေ လိုက်ပါလာတဲ့ကားလို့ သိရတယ် ၊ ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုကြောင့် ကားပေါ်မှာ ပါလာတဲ့ ရဲအရာရှိတွေက ထွက်ပြေးသွားကြတယ် ၊ အဲ့ဒီထဲက ထိခိုက်ဒဏ်ရာရတဲ့ ဒုရဲအုပ်တယောက် ဆေးရုံမှာ သေဆုံးပြီး ကျန်ရဲအရာရှိတယောက်က လုံခြုံရေး အစောင့်ရှောက်နဲ့ ဆေးကုသခံနေရဆဲဖြစ်တယ်လို့ သိရတယ် ၊ နာမည်တွေ ရာထူးအဆင့်တွေတော့ မသိရသေးဘူး ၊ ပစ်ခတ်ခံလိုက်ရတဲ့ကားကတော့ ဒီညနေ မြင်ရတာက မီးရှို့ဖျက်ဆီးထားတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ၊ ညနေပိုင်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ပါတဲ့ကား၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ တဦး