ဇရပ်ကြီးတိုက်ပွဲကြောင့် စစ်ဘေးရှောင် တသောင်းကျော်အထိရှိလာပြီး အရေးပေါ် အကူအညီတွေလိုအပ်နေ

 

ပဲခူး ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄

GG(VOM)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်ရတာမို့ တောင်ငူမှာ စစ်ရှောင်ဦးရေ တသောင်းကျော်လောက်အထိရှိလာနေတဲ့အေကြာင်း တောင်ငူဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်ဦးရေ တသောင်းကျော်အထိ ရှိလာတာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်၊သောက်ရေ၊ ခြင်ထောင်၊စောင် အပါအဝင် အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။

” စစ်ဘေးရှောင်က ဇရပ်ကြီးမှာတော့ ကုန်သလောက်ဖြစ်သွားပြီ၊ အနီးအနားရွာတွေမှာပဲရှိတော့မယ်။ စစ်ရှောင်များလာတော့ အကူအညီတွေလည်း တော်တော်လေးလိုအပ်နေပါတယ်။ တနေ့အတွက် အစားအသောက်တွေလိုအပ်ချက်ရှိတယ်၊စောင် ခြင်ထောင်လိုတယ်။ ဆေးဝါးလည်းလိုတယ်။ ဘယ်နေ့အထိစစ်ရှောင်ရမလဲဆိုတာ မပြောနိုင်တဲ့အတွက် လိုအပ်ချက်က ရှိနေဆဲပါ ” လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

လက်ရှိမှာ ဇရပ်ကြီးမြို့ နဲ့ ကျေးရွာတွေကနေ စစ်ရှောင်လာတဲ့ ဒေသခံပြည်သူ ကလေးငယ်အပါအဝင် သက်ကြီးရွယ်အို ဘိုးဘွားတွေအထိ လူဦးရေတသောင်းကျော်လောက်ရှိနေပြီး စစ်ရှောင်တွေကို တောင်ငူမြို့က ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း နဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ခြံတွေ၊ အိမ်တွေမှာ နေထိုင်ခွင့်ပြုထားတယ်လို့သိရပါတယ်။

စစ်ဘေးရှောင်တွေအတွက် လတ်တလော အစားအသောက်အပါအဝင် လိုအပ်တဲ့ ကူညီမှုတွေကို မြို့ခံ ပြည်သူတွေနဲ့ ကုသိုလ်ရှင်တွေက လှူဒါန်းမှုရှိနေပေမယ့်လည်း လူဦးရေများတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာဖြစ်ပါတယ်။

လတ်တလောမှာ တောင်ငူကိုရောက်ရှိလာတဲ့ စစ်ရှောင်တွေကိုသာ ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေပြီး ဇရပ်ကြီးမြို့က ပိတ်မိပြည်သူတွေကိုတော့ ကယ်ဆယ်ရေးလုပ်ငန်း ယာယီရပ်နားထားရတယ်လို့သိရပါတယ်။

” စစ်တပ်က စစ်ကြောင်းထိုးလာနေပြီဆိုတဲ့သတင်းရယ် ၊ လေယာဥ်တွေလည်း ပျံနေတာတွေ့ရတာကြောင့် လောလောဆယ် ကယ်ဆယ်ရေးရပ်ထားရပါတယ်။ နောက်ပြီး ထန်းတပင် တံတားကနေလည်း စစ်ရှောင်တွေကို တပ်က ပေးမဖြတ်တော့ပါဘူး။ ကားတွေ ဒီတိုင်းသွားလို့ရတယ်။ စစ်ရှောင်ပါရင် ဆင်းနေခဲ့ရတယ်။ ကိုယ့်အိမ်ကိုယ်ပြန်နေဖို့ပြောပါတယ်။ စစ်ရှောင်နဲ့ပတ်သက်တာ ဘာမှ ဖြတ်လို့မရပါဘူး ၊ ” လို့ စစ်ရှောင်တွေခေါ်လာစဥ် ထန်းတပင်တံတားမှာ ဖြတ်မရတာကြောင့် စစ်ရှောင်တွေကို ချထားခဲ့ရတဲ့ ပရဟိတသမားတစ်ဦးကပြောပါတယ်။

ဇရပ်ကြီးမြို့မှာတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်အစောပိုင်းကတည်းက KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ နယ်မြေခံ စစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ခုလို တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇရပ်ကြီးမှာ အပစ်ခတ်မရှိဘဲ အခြေအနေတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

ဓါတ်ပုံ- တောင်ငူမှ ပရဟိတလုပ်နေသူများ

Related posts

Leave a Comment

VOM News

FREE
VIEW