ရန်ကုန်၊ဖေဖော်ဝါရီ ၁၄ – ၂၀၂၄
GG(VOM)
အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတာတဲ့ မွန်ပြည်သစ်ပါတီတွင်းမှာ ခုရက်ပိုင်း သဘောထားမတူညီမှုတွေ ထွက်ပေါ်လာပြီး နစကကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းမယ့်ကိစ္စတွေ ထုတ်ပြန်လာတာတွေ့ရပါတယ်။
မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ပါတီဝင် ၊မျိုးချစ်ပုဂ္ဂိုလ်တွေက ပါတီအောက်ကနေထွက်ပြီး သီးသန့်အဖွဲ့ ဖွဲ့ကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီရဲ့ ပြောခွင့်ရသူ နိုင်ဗညားလယ် ေပြာပြတာက
” ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ လမ်းသစ်ဖောက်တဲ့သဘောဖြစ်တယ်။ကြေငြာချက်မှာထုတ်ပြန်ထားတဲ့အတိုင်းပဲ ပါတီညီလာခံရဲ့ဆုံးဖြတ်ချက်က နစကနဲ့ နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်အတိုင်းဆက်ပြီးရပ်တည်တဲ့အပေါ်လုံးဝလက်မခံနိုင်ဘူး။ ဒီသဘောထားပေါ်မှာပါတီတခုလုံးလိုက်ပါမဆော င်ရွက်နိုင်လို့ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ လုပ်တဲ့သဘောပါ။ ကျနော်တို့လည်းကြိုတင်အသိပေးထားတာမရှိဘူး။ကျနော်တို့ ယုံကြည်ချက် ရပ်တည်ချက် ရည်ရွယ်ချက်တူတဲ့ ခေါင်ဆောင်တွေ၊တပ်မှူး တပ်ဗိုလ်တွေအချင်းချင်းစုစည်းပြီးတော့ ဒီနေ့ပဲကျနော်တို့ကထုတ်ပြန်လိုက်တယ်။ ” လို့ ဆိုပါတယ်။
သူတို့ထုတ်ပြန်ချက်မှာ ပြည်သူကို အကာအကွယ်ပေးရန်နဲ့ မိမိတို့လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးကသာ တခုတည်းသော နည်းလမ်းဖြစ်လို့ ပါတီညီလာခံမှာ ဆွေးနွေးခဲ့ပေမယ့်လည်း ပါတီက လက်မခံဘဲ စစ်တပ်နဲ့ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်းသာ ရပ်တည်ပြီး စစ်တပ်နဲ့ ဆက်ဆံ သွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခုလို တော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းပြီး စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၅ ခုနှစ်မှစပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားပေမယ့်လည်း နစကမှ အာဏာရယူပြီးနောက် နိုင်ငံရေးပြဿနာကို မဖြေရှင်းတဲ့ အပြင် မိမိတို့တပ်စခန်းတွေကို သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်က နည်းမျိုးစုံ ဖိအားပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ် သဘောတူညီချက်ေတွအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး နစက နဲ့ (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုတွေမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားတဲ့ ဖက်ဒရယ်အခြေခံမူကို တင်ပြဆွေးနွေးခဲ့ပေမယ့် မျှော်မှန်းတဲ့ ရလဒ် လုံးဝမရရှိခဲ့တာကြောင့် လက်နက်ကိုင်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
တဖက်မှာဒီလိုဖြစ်နေပေမယ့်လည်း မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တချို့ဟာ နေပြည်တော်မှာရောက်နေပြီး နစကဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံပွဲမှာ တက်ရောက်ခဲ့ပါတယ်။ မိခင်မွန်ပြည်သစ်ပါတီဘက်က တုံ့ပြန်ချက်ကိုရဖို့ VOM အနေနဲ့ ဆက်သွယ်နေဆဲဖြစ်ပြီး တုံ့ပြန်ချက်မရရှိသေးဘဲဖြစ်နေပါသေးတယ်။