ကျင်စန်းကျော့မှာ ပိတ်မိနေတဲ့ သွင်းကုန်ကားတချို့ ကုန်ချမပေးလို့ ယာဉ်ပိုင်ရှင်တွေ အခက်ကြုံနေ

 

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄

Shy V (VOM)

တရုတ် – မြန်မာ ကုန်သွယ်မှု နယ်စပ်ဂိတ်ပေါက်ရှိရာ ကျင်စန်းကျော့မှာ ပိတ်မိ နေတဲ့ သွင်းကုန်ကားတချို့ ကုန် ချမပေးလို့ ယာဉ်ပိုင်ရှင်တွေ အခက်ကြုံနေကြောင်း ယာဉ် ပိုင်ရှင်တွေ ဆီက သိရပါတယ်။

“ပိတ်မိနေတဲ့ ကား ဘယ်လောက်လောက်ရှိလဲတော့ ကျနော် မသိဘူး။ ကုန်သည်တွေ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်မပေးလို့ ကားတွေ ကုန်မချရပဲနဲ့ အခုချိန်ထိ သယ် နေရတဲ့ ကားတွေ အများကြီးရှိသေးတယ်။” လို့ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။

တရုတ်ဘက်က သွင်းလာတဲ့ ကုန်တွေကို ‌လေးလ နီးပါး တင်ထားနေရပြီး တချို့ ကုန်သည်တွေက ကုန်တွေ ပြန်ချဖို့ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ ကုန်တင်ထားတာကြောင့် ကားကို မှီခို လုပ်ကိုင်စားသောက်နေကြရတဲ့ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ဘာမှ လုပ်မရ အခက်တွေ့ နေကြရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က ကုန်တွေကို ချပြီး ကားကို တရုတ်ဘက် ပြန်သွင်းမယ်။ သွင်းပြီးတော့ လွယ်ဂျယ် ကနေ ပြန်ထွက်မယ်။ မဟုတ်ရင် ကျွန်တော်တို့က ကားနဲ့ အသက် မွေးဝမ်းကျောင်း လုပ်တာလေ။ လ ချီကြာပြီး ကုန်တင်ထားတော့ ဘာသွားလုပ်စားရမှာလဲ” လို့ နောက်ထပ် ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။

တချို့ ကုန်သည်တွေက ယာဉ် ပိုင်ရှင်တွေ ဆက်သွယ်ပေမယ့် အဆက်အသွယ် မလုပ်သလို ဘာကုန်တွေ တင်ထားတယ်ဆိုတာလည်း ယာဉ် ပိုင်ရှင်တွေ အနေနဲ့ သိခွင့် မရတဲ့ အပြင် ကျင်စန်းကျော့ နယ်စပ်အထိ ယာဉ်ပိုင်ရှင်တွေ ကိုယ်တိုင်သွားလို့ မရတာကြောင့် အခက်ကြုံ နေကြရတယ်လို့ ဆိုပါတယ်။

တချို့ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ကုန်သည်တွေ အဆက်အသွယ် မရလို့ ကုန်ချပြီး တရုတ်ဘက်က ကားပြန်သွင်းချိန် ကုန်သည်တွေက ကားပြန်သိမ်း သွားတာမျိုး ရှိနေတယ်လို့ ကားသိမ်းခံရတဲ့ ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။

“ကျွန်တော်မှာ ကုန်သည်လည်း မသိရဘူး။ ကုန်သည်ကိုလည်း ကျွန်တော်ကို ပြောမပြဘူး။ ဂိတ်ကိုလည်း ကျွန်တော်ကို ပြောမပြဘူး။ ကျွန်တော်တို့လည်း လုပ်စားရအုံးမှာမို့လို့ ချတော့မယ်လို့ အခါခါပြောတယ်။ ချမယ်ဆိုတာလည်း အသိပေးပြီးတော့ ချလိုက်တယ်။ ကားကို ကိုယ့် အိမ်ကိုယ် ပြန်ရောက်ဖို့ အရေး ၄ လ လောက်ရှိပြီ ဆိုတော့ ကျွန်တော် ပြန်လုပ်ရတော့မယ်။ ဒါနဲ့ လုပ်မစားရင် ဘာနဲ့ စားရမလဲနော်။ ကျွန်တော် တခြား တယောက်ရဲ့ အကူအညီနဲ့ ချလိုက်တယ်။ သူတို့ ကုန်ကျခံရမယ့်ဟာကို ကျွန်တော်ပဲ ကုန်ကျခံ ပြီးတော့ ချလိုက်ရတယ်။ ချလိုက်ပြီးတဲ့ အခါကျတော့ တရုတ်ထဲကို ပြန်ဝင်ပြီး ကျွန်တော်ကားက ကျင်စန်းကျော့မှာ ချလိုက်ရတယ်။ တရုတ်ထဲကို ပြန်ဝင်ပြီးတော့ လွယ်ဂျယ်ဘက်က ထွက်မှာ တစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ ဝင်သွားတဲ့ အခါကျမှ ကျွန်တော်ကားကို ယူသွားတယ်။ ပျောက်သွားတယ်။ နောက်ရက် ဆက်သွယ်လာတယ်။ ကုန်သည် ယူတာပါလို့ ကုန်တင်ပေးတဲ့ လူက ပြောလာတယ်။ ကုန်သည်ယူ ရင်လည်း ကျွန်တော်တို့ အခါခါ ဆက်သွယ်တော့ အဆက် အသွယ် မလုပ်ခဲ့ဘူး။” လို့ သူက ရှင်းပြပါတယ်။

တရုတ်ဘက်မှာလည်း မြန်မာခါလီကားတွေကို တရုတ်ကားပေါ်တင်ပြီး မြန်မာ နယ်စပ် ဂိတ်ပေါက်ထိ သယ်ယူရတာကြောင့် တရုတ်ဘက်ခြမ်းက သယ်ယူစရိတ် တရုတ်ယွမ် ၈၀၀၀ ခန့်၊ မြန်မာငွေ ကျပ် သိန်း ၄၀ ဝန်းကျင် ကုန်ကျရတယ် အပြင် မြန်မာဘက်ခြမ်းမှာလည်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ပေးဆောင်ရသေးတယ်လို့ နယ်စပ် ဒေသခံ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။

တရုတ်မြန်မာ နယ်စပ်၊ ကျင်းစန်းကျော့ကိုတော့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်ထားတာဖြစ်ပြီး တိုက်ပွဲကြောင့် ပို့ကုန်၊ သွင်းကုန်ကား။အစီး ၁၀၀ ကျော် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကာ သွင်း ကုန်တင် ကား အများအပြားလည်း ပိတ်မိသောင်တင်နေ သလို ခိုးခံရတဲ့ ကား တွေ၊ ပြန်ပေးဆွဲ ခံရတဲ့ ကားတွေလည်းလည်း ရှိနေတယ်လို့ ဆိုပါတယ်။

Photo Crd# Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW