ဆူးငှက်
ကုန်လွန်ခဲ့သော နှစ်၄၀ကျော် ကာလ စာပေကို တိမ်းညွန် ရစ်မူးစ ၁၉၈၀ ဝန်းကျင် စာရေးဆရာ ကဗျာဆရာများကိုတွေ့ဖူးချင် မြင်ဖူးချင် လှသည်။ ထို့ကြောင့် မန္တလေးစာပေ အဝန်းအဝိုင်းနှင့် ထိစပ်နေသည့် ဟံသာဝတီ သတင်းစာတိုက်ကသက်သာ လက်ဖက်ရည်၊ လူထုကြီးပွားရေးတိုက်၊ ရုံတော်ကြီး ထိုင်စိန်ကဖေး၊ ဈေးချိုတော် စံတော်သစ် လက်ဖက်ရည်ဆိုင် နှင့်စန်းသော်တာစာပေ၊ ရဲရင့်စာပေ စသည့် နေရာများ ကိုလည်း စိတ်ဝင်စားမိသည်။ ဤသို့သော မန္တလေးစာပေ ရပ်ဝန်းများ အနက်ထိုစဉ်ကာလက လူပြောများနေသော စာပေရပ်ဝန်းတစ်ခုလည်း ရှိနေပါသည်။ နန်းရှေ့ဈေးအတွင်းက ဦးဘကျော့လက်ဖက်ရည်ဆိုင်ဖြစ်သည်။
ဦးဘကျော့ဆိုင်က အသစ်မတည်ဆောက်မီ နန်းရှေ့ဈေး၏ အနောက်ဘက် အစွန်မှာ ရှိသည်။ ဆိုင်မှာ စားပွဲသုံးလေးလုံးအပြင်ဈေးဆိုင်ခန်း အလွတ်တွေပေါ်မှာလည်း လွတ်လပ်စွာ ထိုင်နိုင်၏။ ဦးဘကျော့ဆိုင်မှာက လူငယ်အနုပညာသမားတွေ အများဆုံးထိုင်ကြတာတဲ့။ အထူးသဖြင့် မန်္တလေးပန်တျာနှင့်ပန်းပုကျောင်းမှ ကျောင်းသားများ၊ နန်းတော်ရှေ့ရပ်မှ လူငယ်အနုပညာရှင်များ၊ မန္တလေးဆေးတက္ကသိုလ်၊ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ အနုပညာဝါသနာရှင် ကျောင်းသူ၊ ကျောင်းသားများ ထိုင်ကြတာတဲ့ … ။ ပိုင်သ တဲ့ … ၊ ပိုင်ကျွမ်း တဲ့ … ၊ ဆူး တဲ့ … ၊ ဝေချစ်ကို တဲ့ …၊ တင့်ကိုကို တဲ့ … ၊ နေမင်းပိုင်စိုး တဲ့ …။ ထိုစဉ်ကာလမှာပဲ ကျွန်တော်သည် အစ်ကို တစ်ယောက်ထံမှ လက်ရေး ကျောက်ပုံနှိပ် ကဗျာစာအုပ်လေး တစ်အုပ် ဖတ်ရှုလိုက်ရသည်။
သစ်သစ်ဆန်းဆန်း ကဗျာလေးတွေ ခံတွင်းတွေ့နေချိန် အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ် တို့၏ “သစ်ရွက် အသေများပေါ်မှရက်စက်သောဂီတ” ကဗျာ စာအုပ်လေးမျိုး တရှိုက်မက်မက် ဖြစ်နေသည်။ ထိုကဗျာစာအုပ်ထဲက မောင်ချောနွယ်၏
“အေး” ရေ
“အေး” ရေ
အတွေးထဲမှာ
လာလာမနှောက်နဲ့နော်
နားခိုခဲ့သော
တောအုပ်ငယ်ကလေး
လောကကြီးအလယ်
ချာချာလယ်။
တချို့သည်ကား
နှလုံးသားတည့်
တရားနဲ့ဖြတ်နှုတ်ဆက်ခဲ့ရသည်။
………ဟူသော ကဗျာစာသားက အလွတ်ရနေ၏။ ထိုစဉ်ကာလ မြစ်တစ်ဘက်ကမ်းက ကျွန်တော် တစ်ဖက်သတ် စွဲလမ်းရသူအပြာရင့်ရောင် အနွေးထည်လေးနှင့် မမ ၏ နာမည်မှာ “အေး” ပါလို့ ဖြစ်သည်။
ထို့နောက် ကျွန်တော့် ဝမ်းကွဲ အစ်ကို ပေးလို့ ကြုံတောင့်ကြုံခဲ ဖတ်ရသည့် လက်ရေးကျောက်ပုံနှိပ် ကဗျာ စာအုပ်လေးက တော့ အတော် ထူးခြားလှသည်။ ထို ကဗျာစာအုပ်လေးကို ဖတ်ပြီး မိမိကိုယ်ကိုယ် ဖိစီးထားသော အားငယ်စိတ်တွေကိုတွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒါဟာ အနုပညာအစစ်အမှန်ပဲဟု အားတက်ခဲ့ရသည်။ မိမိ နှလုံးသားထဲက မာနတွေ အလျှံ ညီးညီးတောက်ပခဲ့သည်။
ထိုကဗျာစာအုပ်လေးမှာ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”ဖြစ်သည်။ ရေးသားသူက“နေမင်းပိုင်စိုး”။ “ခေတ်ပေါ်ကဗျာဟာ အရေပြားပေါ်မှာ တည်ရှိနေတဲ့ လှပမှုတွေကို ကျောခိုင်းပြီးဘဝရဲ့ အနက်ရှိုင်းဆုံး အတ္တတရားကို ရှာဖွေတူးဖော်ခဲ့ကြ ပါတယ်။ ကဗျာဆရာရဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဝိဉာဉ်တွေဟာ အာရုံ တရားတွေနဲ့ သာမာန် ထိတွေ့မှုပေါ်မှာကဗျာဖွဲ့လို့ မရနိုင်ပါဘူး။ ထိတွေ့ခံစားမှုကို အခြေခံတဲ့ ကဗျာဆရာရဲ့ ဒဿနဟာ ကဗျာတစ်ပုဒ်ရဲ့ အသွေးအသားပါပဲ” ဆိုတဲ့အရေးအသားတွေဟာ တုန်လှုပ်သွားစေခဲ့သည်။
ဟုတ်တာပေါ့၊ ထိုစဉ်ကာလက “အနုပညာသည် ပြည်သူအတွက်” ဆိုသော ကြွေးကြော်မှုနဲ့အတူ အနုပညာဖန်တီးမှုတွေဟာအလုပ်သမား၊ လယ်သမားလူတန်းစားရဲ့ ဘဝခံစားချက်၊ ပကတိဖြစ်စဉ်တွေအပေါ် အခြေခံရမယ်လို့ အများစုက လက်ခံနေတဲ့အချိန်တွင် ဤစာသားများက မျက်မှောင်ကြုတ်ပြီးမှ နှစ်ခြိုက် လက်ခံစရာများအဖြစ် စဉ်းစားစေမှုကို ရုတ်ခြည်း ပေးစေသောကြောင့် ဖြစ်သည်။
ကျွန်တော်ကတော့ နောက်ထပ် “နေမင်းပိုင်စိုး”၏ အရေးအသားတွေကို ပိုပြီး သဘောကျသွားသည်။ “ထင်ရှားကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ်ဖော်ပြခံရမှုကို ဦးတည်ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက်နေသူတွေကိုတော့ ကျွန်တော်တို့ကရယ်မောပစ်လေ့ ရှိပါတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ဟာ ဒီထက်ပိုမိုကျယ်ဝန်းခဲ့ပါပြီ။ ဘဝရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံး ထုတ်ဖော်နိုင်တဲ့ ကဗျာဆရာဟာ သမိုင်းရဲ့ စာမျက်နှာပေါ်မှာ လှပစွာ ကျန်ရှိနိုင်ပေလိမ့်မယ်။” … တဲ့။
ထို့နောက် “နေမင်းပိုင်စိုး”၏ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”ကဗျာစာအုပ်ကို အပြန်ပြန်အလှန်လှန် အလဲအလှယ် ဖတ်ကြပြီးနောက် ကျွန်တာ်တို့ အချင်းချင်းတွေ့ဆုံကြလျှင်ပင် “ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ ဒုတိယလူဆိုတာ တတိယလူနဲ့ အတူတူပါပဲကွယ် ” ဟူသော ကဗျာစာသားကို ဦးအောင် ရွတ်ဆိုကြသည်။ ထိုစာသားမှာ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း” ကဗျာစာအုပ်တွင်ကျွန်တော်တို့ နှစ်ခြိုက်စွာ မျဉ်းတား မှတ်သား ကျက်မှတ်ခဲ့သော ကဗျာစာသားများထဲမှာ တစ်ခု အပါအဝင် ဖြစ်ပေသည်။
“အို သခင်
မင်းနဲ့ငါ ဟိုယခင်တွေ့စ
ဒီဇင်ဘာလရဲ့ ညနေတစ်ခုမှာ
ငါ ကဗျာဆရာလေ
နင်၊ သင်ခန်းစာထဲ အိပ်ငိုက်သူ
ဘွဲ့ အထပ်ထပ်ယူဖို့ ကြိုးစားသူ
မုန့်တီစား၊ ရုပ်ရှင်သွား၊ ပုတီးစိပ်
ဘုရားဝတ်ပြု၊ စာဖတ်
လက်ထပ်စာချုပ်ကို
တစ်နှစ်တစ်ကြိမ် အတည်ပြုရသူ … ။
အံကြိတ်ပြီး ခေါင်းငုံ့ရတဲ့အခါ
အားတင်းပြီး ကျောခိုင်းကြတဲ့အခါ
မာနဆိုတာ
ကြေကွဲခြင်းပဲဖြစ်လိမ့်မယ် … ” တဲ့ … ။
ကျွန်တော်တို့သည် နေမင်းပိုင်စိုး၏ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”ကဗျာစာအုပ်ကြောင့် နန်းရှေ့ဈေး အတွင်းက ဦးဘကျော့ လက်ဖက်ရည်ဆိုင်ဆီ ဝါတွင်းတစ်ခုတွင် ဥပုသ်နေ့ညနေတိုင်း သွားရောက်ထိုင်ဖြစ်ကြသည်။ ခြံထွက်နွားနို့မှ ချက်လုပ်ထားသည့် နို့ဆီဖြင့်ဖျော်သော ခပ်ဆိမ့်ဆိမ့်လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ရင်း အနီးအနား ဈေးဆိုင်ခန်း အလွတ်ပေါ်က လက်ဖက်ရည်ဝိုင်းတွေဆီ စောင်းငဲ့ကြည့်မိ၏။ နေမင်းပိုင်စိုးဆိုတာများလား …လို့လေ ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #နန်းရှေ့ ဦးဘကျော့ဆိုင်မှာနေမင်းပိုင်စိုးလေလား၊ဝိုးတဝါး…