နိုင်ငံရေးအကျဉ်းသားဟောင်း မနိုဘယ်လ်အေး သေဆုံး

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ – ၂၀၂၄

GG (VOM)

နိုင်ငံရေးအကျဉ်းသားဟောင်း မနိုဘယ်လ်အေးဟာ ဖမ်းဆီးခံရပြီးနောက် တရားရုံးကရမန်ယူပြီးအပြန်မှာ သေဆုံးသွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။

မနိုဘယ်လ်အေးဟာ အခုဖေဖော်ဝါရီလ ဒုတိယပတ်လောက်ထဲမှာ သေဆုံးခဲ့တာဖြစ်ပေမယ့် သေဆုံးကြောင်းကိုတော့ ခုရက်ပိုင်းမှာမှ မိသားစုကသိရှိရတာဖြစ်ပြီး ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သဂြိုလ်ခဲ့သလဲဆိုတာကိုတော့ မသိရှိရဘူးလို့ သိရပါတယ်။

” နိုဘယ်လ်ရဲ့မောင်ဖြစ်သူက အတည်ပြုထားမှုအရသိရတာပေါ့့၊သူတို့လည်း ခုရက်ပိုင်းမှသိရတာ၊ သေဆုံးတာကတော့ခုလ ၈ ရက်နေ့လောက်က တရားရုံးကရမန်ယူပြီးအပြန်မှာ ထွက်ပြေးလို့ ပစ်ခတ်ရာကနေ သေဆုံးတယ်လို့ကနဦး သိရတယ်။ဒါကလည်း စစ်တပ်ဘက်က မိသားစုကိုအသိပေးလို့သိရတာမဟုတ်ဘဲ ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက နိုဘယ်လ်ရဲ့မိသားစုဝင်တွေဆီကို အသိပေးလို့သိခဲ့ရတဲ့အခြေအနေပါ ” လို့ မိသားစုနဲ့နီးစပ်သူ နိုင်ငံရေးသမားတယောက်ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့ မနိုဘယ်လ်အေးကိုတော့ အရင်လ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ အမျိုးသားတယောက် နဲ့အတူ လက်နက် ၊ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ နစကဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မနိုဘယ်လ်အေး သေဆုံးမှုနဲ့ပတ်သက်လို့တော့ နစက ဘက်ကတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးဘဲ မိသားစုဘက်က ပြောဆိုမှုအရ သိရတာဖြစ်ပါတယ်။

မနိုဘယ်လ်အေးဟာ ၁၉၉၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၄၂ နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး မှာလည်းထပ်မံ ဖမ်းဆီးမှုခံခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့ မှာ ဖမ်းဆီးခံခဲ့ရတာကတော့ တတိယအကြိမ် ဖမ်းခံရတာဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မန္တလေးအိုးဘိုထောင်မှာ ထောင်သုံးနှစ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မယဥ််မိုး ဆိုသူလည်း ထောင်တွင်းမှာ ကျန်းမာရေးအခြေအနေဆိုးရွားလာလို့ ဆေးရုံကြီးကိုပို့စဥ််အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

နစက တာဝန်စယူတဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၄ ခုနှစ် အချိန် သုံးနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးခံခဲ့ရပြီး ထောင်တွင်းသေဆုံးတာရှိသလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူတွေလည်းရှိခဲ့ပါတယ်၊လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်ချမှတ်ခံရသူတွေလည်းရှိပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW