ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ သံရုံး ကြေညာ

ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ သံရုံး ကြေညာ

ဖေဖော်ဝါရီ ၂၀ – ၂၀၂၄

SN (VOM)

အခုရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေတာကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ထိုင်းဗီဇာရက်ချိန်းကို အွန်လိုင်းကတဆင့် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီနေ့ရက်စွဲနဲ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ဗီဇာရက်ချိန်းရယူခြင်းကို အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းရယူခြင်း

(Visa Appointment Booking online – VABO) နဲ့ သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်း စတဲ့ နည်းလမ်း နှစ်မျိုးနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။

“အခုလို စီစဉ်လိုက်တာ ကောင်းပါတယ်။ သံရုံးရှေ့မှာ အချိန်အများကြီးပေးပြီး တန်းစီစရာမလိုတော့ဘူးပေါ့။ ပြီးတော့ ပွဲ‌စားတွေအတွက် လုပ်စားခွင်လည်း မရှိနိုင်တော့ဘူး။ အရင်လို ပွဲစားနဲ့အပ်လို့မရတော့ဘူးပေါ့” လို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။

ထိုင်းဗီဇာအတွက် ရက်ချိန်းရယူခြင်းနဲ့ ပတ်သက်လို့ အွန်လိုင်းမှတဆင့် လျှောက်ထားလိုသူတွေဟာ https://thaiconsularyyangon.com/visa/ (ဒါမှမဟုတ်) QR Code ကို ဝင်ရောက်ပြီး ဗီဇာရက်ချိန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ကာ ရယူနိုင်တယ်လို့ သိရပါတယ်။

အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်း ရယူထားသူတွေဟာ

အီးမေးလ်နဲ့ ဗီဇာရက်ချိန်း ရရှိထားတဲ့ ပုံ (ဒါမှမဟုတ်) အီးမေးလ်မှတဆင့် ပို့ပေးတဲ့ ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက် လျှောက်မယ့်ရက်မှာ တာဝန်ရှိသူတွေ စစ်ဆေးနိုင်ဖို့အတွက် ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်းနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၂ ရက် (ကြာသပတေးနေ့) နဲ့ ၂၃ ရက် (သောကြာနေ့) နှစ်ရက်စာအတွက် ဗီဇာလျှောက်ထားဖို့ တိုကင်နံပါတ်တွေကို ဖေဖော်ဝါရီ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၂ နာရီအချိန်၊ ထိုင်းသံရုံးရှေ့မှာ ပေးဝေမှာဖြစ်ပြီး တရက်ကို တိုကင်နံပါတ် ၂ဝဝ နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် တာဝန်ရှိသူတွေက ပတ်စ်ပို့စ်နဲ့ သေချာစစ်ဆေးပြီး မှန်ကန်မှသာ ဗီဇာလျှောက်မယ့်သူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်း ရေးမှတ်ရမှာဖြစ်တဲ့အတွက် အဲ့ဒီ့ တိုကင်နံပါတ်ကို တခြားသူထံ လွှဲပြောင်းခြင်း မပြုလုပ်ရဘူးလို့ ထိုင်းသံရုံးက အသိပေးထားပါတယ်။

တိုကင်နံပါတ်တခုဟာ လျှောက်မယ့်သူတဦးအတွက်သာ အကျုံးဝင်မှာဖြစ်ပြီး အကယ်၍ တိုကင်နံပါတ်ကို အလွဲသုံးစားပြုလုပ်တာ (ဒါမှမဟုတ်) တိုကင်အတုအပ ပြုလုပ်တာကို တွေ့ရှိရင်တော့ ဗီဇာလျှောက်ထားခွင့် ပိတ်ပင်သွားမှာ ဖြစ်တဲ့အပြင် Blacklist (အမည်ပျက်စာရင်း) ထဲ မှတ်တမ်းတင် ထားရှိမှာ ဖြစ်တယ်လို့ ထိုင်းသံရုံးက သတိပေးထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ပြီး သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်း ပမာဏကိုရေတွက်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရယူခြင်း VABO စနစ် https://thaiconsularyyangon.com/visa/ တခုသာ ပြောင်းလဲသတ်မှတ်နိုင်ခြေရှိ၊ မရှိကို သံရုံးကတဆင့် အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းသံရုံးရှေ့မှာ ဗီဇာလျှောက်ထားသူအရေအတွက် များပြားလာတာကြောင့် သံရုံးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း တရက်ကို လူ ၄၀၀ သာ လက်ခံပြီး တိုကင်စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် မြန်မာလူငယ်တွေဟာ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဆီ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ကြိုးစားလာကြတာဖြစ်ပါတယ်။

အဲ့ဒီ့ဥပဒေ မထုတ်ပြန်ခင်က ထိုင်းသံရုံးရှေ့မှာ တရက်ကို ဗီဇာတန်းစီသူဦးရေ ၁၀၀ ဝန်းကျင်သာ ရှိခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ လူဦးရေ ထောင်နဲ့ချီ ရှိလာတယ်လို့ သိရပါတယ်။

“ခုနောက်ပိုင်းက မနက်ပိုင်း အစောကြီး ၃ နာရီလောက်ကတည်းက လာတန်းစီနေကြတာ။ တချို့ဆို ကားတွေနဲ့လာပြီး ကားပေါ်မှာ တညလုံး အိပ်စောင့်နေတာရှိတယ်။ တချို့ကတော့ သံရုံးအနီးတဝိုက်က ဟိုတယ်တွေမှာ အခန်းယူပြီး အိပ်စောင့်ကြတယ်။ တရက်ကို လူ ၄၀၀ သတ်မှတ်ထားပေမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတော့ လူတအားများပြီး ရုတ်ရုတ်ဖြစ်လို့ သုံးရက်စာပေါင်းပြီး တိုကင် ၁၂၀၀ ပေးလိုက်တာရှိတယ်” လို့ ဗီဇာသွားရောက်ထုတ်ယူသူတယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က နေ့လယ်ပိုင်း ၁ နာရီခွဲလောက်ကစပြီး ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွက် ဗီဇာလျှောက်ထားဖို့ တိုကင်နံပါတ်တွေကို ကြိုတင် ထုတ်ပေးခဲ့တာလို့ သိရပြီး ဗီဇာလျှောက်ထားသူတွေဟာ မနက် ၃ နာရီလောက်ကတည်းက ထိုင်းသံရုံးရှိရာ မနော်ဟရီလမ်းနဲ့ တော်ဝင်လမ်းတလျှောက်မှာ တန်းစီစောင့်ဆိုင်းခဲ့ကြကာ အဲ့ဒီနေ့ ညနေ ၃ နာရီရောက်မှ ဗီဇာရရှိတဲ့အထိ လျှောက်ထားသူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်တဲ့ လူဦးရေ မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာတော့ အတည်ပြုလိုက်ပြီဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အရင်ထက် ပိုမိုများလာနိုင်တယ်လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေက သုံးသပ်ထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW