ဖေဖော်ဝါရီ ၂၀ – ၂၀၂၄
SN (VOM)
ပေါ့ဆမီးကတဆင့် မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံး ပျက်စီးခဲ့တဲ့ ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က မီးဘေးသင့် ပြည်သူ ၁၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကမ်းထောင်းကြီးမြို့ မီးဘေးသင့်ပြည်သူများ ကူညီရေးကော်မတီ အတွင်းရေးမှူး ကိုရန်နိုင်ဖြိုးက ပြောပါတယ်။
ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်၊ ဂုံးခွံလမ်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လယ် ၁ နာရီ၊ ၁၀ မိနစ်ဝန်းကျင်က မီးဖိုချောင်မှ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅၅ ယောက်၊ အမျိုးသမီး ၇၁ ယောက်၊ စုစုပေါင်း လူဦးရေ ၁၂၆ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
“အိမ်တွေ မီးလောင်သွားတာက ပစ္စည်းတခုမှ မရလိုက်ဘူး။ အဲ့ဒါကြောင့် စားနပ်ရိက္ခာတို့၊ အဝတ်အထည်တို့၊ စောင်တို့ လိုအပ်နေတာပါ။ အဓိက ကတော့ နေစရာရယ်၊ စားစရာရယ်ပေါ့။ လက်ရှိမှာ သူတို့ကို နီးစပ်ရာ ကျန်ရှိတဲ့အိမ်တွေမှာ ယာယီခေတ္တ ထားရတယ်။ မီးစလောင်တာက ထမင်းဟင်းချက်ပြီး ကျန်ခဲ့တဲ့ မီးကျွင်းမီးကျန်ကနေ စလောင်တာပါ။ ပြီးတော့ အဲ့ဒီ့အပိုင်းက ရေလုပ်ငန်းလုပ်တဲ့အပိုင်းဖြစ်တော့ အမျိုးသားတွေအကုန်လုံးက ငါးဖမ်းသွားနေတဲ့အချိန်၊ အမျိုးသမီးတွေကလည်း ဈေးရောင်းထွက်နေကြ၊ ဈေးမှာ ရောက်နေကြတဲ့အချိန်ဆိုတော့ မီးလောင်တဲ့အချိန် ဘယ်သူမှ မရှိကြဘူးဖြစ်သွားတာ။ မီးစလောင်တဲ့အိမ်မှာလည်း ကလေးတွေပဲ ကျန်ခဲ့ပုံရတယ်” လို့ ကိုရန်နိုင်ဖြိုးက ပြောပါတယ်။
အဲ့ဒီ့ ဖြစ်စဉ်မှာ မီးလောင်ကျွမ်းမှုဟာ အချိန် ၂ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပြီး လက်ရှိမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အကူညီ များစွာ လိုအပ်လျက်ရှိတယ်လို့ သူက ပြောပါတယ်။
“ခုချိန် ရခိုင်ပြည်က စစ်ပွဲနဲ့ နပမ်းလုံးနေရတဲ့အချိန်ဆိုတော့ အလှူရှင်တွေကလည်း မရှိဘူးလေ။ တယောက်ကိုတယောက်၊ တဦးကိုတဦး မကူညီနိုင်ဘူး။ တခြားနေရာဒေသတွေက ကူညီမှပဲ အဆင်ပြေနိုင်မယ်။ အဲ့ဒါကြောင့် တခြားနေရာတွေက ဝိုင်းဝန်းပြီးတော့ ကူညီပေးစေချင်တာပါ” လို့ သူက ပြောပါတယ်။
အကူအညီ လိုအပ်နေတဲ့ မီးဘေးသင့် ပြည်သူတွေအတွက််မီးလောင်ရာနေရာကို ကိုယ်တိုင်လာရောက် လှူဒါန်းနိုင်သလို KBZ Pay ကနေတဆင့် ဖုန်းနံပါတ် ၀၉၄၂၁၇၄၇၇၂၅ ကိုလည်း ပေးပို့ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကမ်းထောင်းကြီးမြို့ မီးဘေးသင့်ပြည်သူများ ကူညီရေးကော်မတီ