ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄
Shy V(VOM)
၁၀၂၇ စစ်ဆင်ရေး ကာလမှာ MNDAA က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) ဈေးနဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်ဈေးတွေမှာ အခု ဖေဖော်ဝါရီလ တလတည်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တရုတ်ယွမ်ငွေ ၁၂ သန်း ဝန်းကျင် ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ကိုးကန့် သတင်းမီဒီယာရဲ့ သတင်းထုတ်ပြန်ချက် အချက်အလက်တွေ အရ သိရပါတယ်။
လောက်ကိုင်ဈေး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ ဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် တရုတ်ယွမ်ငွေ ၁၀ သန်း နီးပါး၊ မြန်မာငွေ သန်း ၄၉၀၀ ခန့် ဆုံးရှုံးသွားကြောင်း ကိုးကန့် သတင်းမီဒီယာက ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုကြောင့် ဆိုင်ခန်း ၁၆ ခန်း ပျက်စီး လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၇ ခန်းမှာ အဝတ်အထည် အရောင်းဆိုင်တွေ နဲ့ ကုန်စုံ ဆိုင်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရရှိထားတဲ့ စာရင်းတွေအရ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ခန့်မှန်းခြေ တရုတ်ယွမ် ၁၀ သန်းနီးပါး၊ မြန်မာေငွ သန်း ၄၉၀၀ ခန့် ရှိခဲ့ပြီး လူသူ အသေအပျောက်တော့ မရှိခဲ့ဘူး လို့ ဖော်ပြထားပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာနေအိမ်တွေနဲ့ လူနေထူထပ်ပြီး ဈေးဆိုင်အများစုမှာ မီးရှူးမီးပန်းတွေ နဲ့ မီးရှူးမီးပန်းတွေလို မီးလောင်လွယ်တဲ့ ကုန်ပစ္စည်းတွေကြောင့် မီးကူးစက်မှုကို ပိုမိုဆိုးရွားစေကာ မြေတူးစက်တွေနဲ့ ငါးနာရီကျော်ခန့် ကြာ ကြိုးစားခဲ့မှ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရှိခဲ့ပေမယ့် မီး မတော်တဆမှုတွေ ထပ်မံမဖြစ်စေဖို့၊ ခြောက်သွေ့ ရာသီမှာ မီးဘေး အန္တရာယ် ကင်းရှင်းရေး အသိပညာတွေ တိုးမြင့်ဖို့၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အားကောင်းစေဖို့ ပြည်သူတွေကို နှိုးဆော်ထားပြီး မီးဘေး အန္တရာယ် ကင်းရှင်းရေး စီမံချက်တွေ ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။
ဒါ့ အပြင် လျှပ်စစ်အသုံးပြုမှု ဘေးကင်းစေဖို့ လျှပ်စစ်ပစ္စည်းတွေ၊ ဝါယာကြိုးတွေ၊ ဆားကစ်တွေကို ပုံမှန်စစ်ဆေးကြဖို့၊ မီးဘေး အတွက် ထွက်ပေါက် ထားရှိဖို့၊ ပျက်စီး ဆုံးရှုံးမှု မများစေရန် မီးလောင်လွယ်တဲ့ ပစ္စည်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းေတွကို ဝေးဝေး ထားဖို့၊ ဖယောင်းတိုင်မီး ထွန်းတဲ့အခါ အခံ အသုံးပြုဖို့၊ မီးသတ်ဗူးတွေ ထားရှိပြီး မှန်ကန်စွာ အသုံးပြုတတ်ဖို့ သင်ယူရန် စတာတွေကို အသိပေးဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၂ နာရီခန့်ကလည်း ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ မြို့မဈေးမှာ လျှပ်စစ်ဝါယာ ရှော့ကြောင့် မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၈၀ အပါအဝင် ဆုံးရှုံးမှုတန်ဖိုး တရုတ်ယွမ် ၂,၃၇၉,၄၀၀၊ မြန်မာကျပ်ငွေ သိန်း တသောင်းကျော် ဆုံးရှုံးခဲ့ကြောင်း ကိုးကန့် သတင်းမီဒီယာ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Photo Crd# The Kokang