မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ပိုက်ဆံအလှူခံနေတဲ့ PDF အဖွဲ့တွေ ၊ ဆက်ပြီးမလုပ်ကြဖို့ ခရိုင် ပအဖ က အမိန့်ထုတ်တဲ့စာထွက်

မတ် ၊ ၁၅ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်နဲ့ စစ်ကိုင်းခရိုင် ၊ စစ်ကိုင်းမြို့နယ်ကြား မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီကနေ ဒီကနေ့အထိ PDF အဖွဲ့တွေက ကားသမားတွေနဲ့ ခရီးသည်တွေဆီကနေ အလှူငွေ ကောက်ခံတာတွေရှိနေတာကြောင့် ၊ PDF အဖွဲ့တွေအနေနဲ့ ဆက်ပြီး မလုပ်ကြဖို့ မြို့နယ်အလိုက်ဖွဲ့ထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အမိန့်စာတွေ ထုတ်ပြန်တာရှိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မုံရွာ – မန္တလေး လမ်းပိုင်းနဲ့ ရွှေဘို – မန္တလေး ကားလမ်းပိုင်းမှာ မနှစ်ကစပြီး နေ့စဥ် PDF အဖွဲ့တွေက ကားသမားနဲ့ ခရီးသည်တွေဆီကနေ အလှူငွေကောက်ခံတာ ရှိတယ် ၊ မုံရွာ – မန္တလေး လမ်းပိုင်းမှာဆိုရင် ချောင်းဦးနဲ့ အုန်းတောကြားမှာ PDF အဖွဲ့ ခုနှစ်ဖွဲ့ ၊ ရှစ်ဖွဲ့လောက် ပိုက်ဆံတောင်းတယ် ၊ နေရာကတော့ အတည်တကျမရှိဘူး ၊ သူတို့က မိုဘိုင်းတီး ( ရွှေ့လျားစနစ်)နဲ့ အလှူခံတယ် ၊ တချို့ PDF အဖွဲ့တွေက ကံစမ်းမဲ လက်မှတ်တွေ မဝယ်မနေရ စနစ်နဲ့ ရောင်းကြတယ် ၊ PDF အဖွဲ့တွေအနေနဲ့ အဲ့ဒီလို ဆက်ပြီး မလုပ်ဖို့ စစ်ကိုင်းခရိုင် PDF အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက အမိန့်စာ ထုတ်ထားတယ် ၊ အဲ့ဒီ အမိန့်စာထဲမှာ လာမယ့် မတ်လ ၁၆ ရက် နောက်ဆုံးထားပြီး ကားလမ်းပေါ်တက်ပြီး အလှူခံတာတွေ ဆက်ပြီး မလုပ်ကြဖို့ တားမြစ်မိန့်ထုတ်ထားတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

မုံရွာ မန္တလေး ကားလမ်းဟာ မကွေးတိုင်း မြောက်ပိုင်းက ခရီးသည်နဲ့ ကုန်စည်ကားတွေ ဖြတ်သန်းမောင်းနှင်သလို ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ကားတွေလည် နေ့စဥ် အစီးရေ ရှစ်ရာကျော် သွားလာနေတယ်လို့ သိရပါတယ်။

” ခရီးသွား ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ ကုန်စည်စျေးနူန်းတွေလျော့ချဖို့ အခုလို အလှူငွေကောက်ခံတာတွေ ဆက်ပြီး မလုပ်ကြဖို့ တားမြစ်လိုက်တာ ဖြစ်မယ်လို့ ယူဆမိတယ် ၊ နောက်ပြီး အဲ့ဒီ မုံရွာ – မန္တလေး ကားလမ်းပိုင်မှာ မကြာခဏ PDF အဖွဲ့တွေနဲ့ နစက လုံခြုံရေးအဖွဲ့တွေကြား တိုက်ပွဲတွေ မကြာ မကြာဖြစ်တယ် ၊ အဲ့ဒါကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ် ၊ တိုက်ပွဲတွေဖြစ်တိုင်းလည်း ကားတွေပိတ်မိနေကြတယ် ၊ ခရီးသည်တွေအတွက် သွားလာရေး အဆင်ပြေဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်တယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက် ၊ မနက် ၉ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာနားမှာရှိတဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် ဝန်ကြီးခရီးစဥ် လမ်းကြောင်းကို လုံခြုံရေးတာဝန်ယူထားပေးရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေပါသွားသလို ၊ ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းမှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မတ် ၇ ရက် ၊ ညနေပိုင်း ၄ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး အလှုငွေကောက်ခံနေတဲ့ PDF အဖွဲ့ လေးယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ ကားသမားတဦး

Related posts

Leave a Comment

VOM News

FREE
VIEW