ဘူးသီးတောင်မြို့က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ၊ မြို့ကို ထိန်းချုပ်လိုက်ကြောင်း AA အသိပေး



မေ-၁၈ – ၂၀၂၄
GG (VOM)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က စစ်တပ်စခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ဘက်က ဒီကနေ့မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်မှာ ဘူးသီးတောင်မြို့က နစကတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းတွေ ဖြစ်တဲ့ ဘူးသီးတောင် ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာလက်အောက်ခံ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက်တပ်ရင်းအချို့ အပါအဝင် စခန်းအားလုံးကို သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီနေ့ သိမ်းပိုက်ခဲ့တဲ့ စစ်စခန်းတွေက ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နဲ့ GE တပ်ရင်း တွေဖြစ်တယ်လို့ဆိုပါတယ်။

မေလ ၁၃ ရက်ကနေ ၁၆ ရက်အထိက ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နဲ့ ခမရ (၂၃၃)၊ နခခ (၃) စခန်း၊ နခခ (၈) စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

AA က ဘူးသီးတောင်မြို့ကိုထိန်းချုပ်လိုက်ကြောင်းသတင်းမထုတ်ပြန်မီ မေလ ၁၇ရက်နေ့ညပိုင်းက ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေမီးရှို့ခံရပြီး ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် နေထိုင်သူတွေ ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။

” မနေ့ကညက အိမ်တွေအကုန်လုံးနီးပါးမီးရှို့ခံလိုက်ရတယ်၊ဝါး၊သစ်အိမ်တွေအကုန်ပြာကျသွားတယ်၊ညကတည်းက အကုန်ပြေးကြလွှားကြဖြစ်ကြပြီး ခုမနက်တော့ဖုန်းအဆက်အသွယ်ပြတ်သွားတယ်၊ဘူးသီးတောင်ကနဂိုထဲကတိုက်ပွဲကပြင်းထန်နေတာကြာပြီ၊AA ကလည်းမြို့ကိုသိမ်းပိုက်ဖို့လုပ် နေတာ၊ဒီနေ့တော့ မြို့ကိုသိမ်းလိုက်ပြီဆိုပြီး တက်လာတယ်၊ကျနော်တို့စစ်ရှောင်နေပြီ၊အသိတွေဆီဖုန်းနဲ့ပဲအဆက်သွယ်လုပ်ရတာ ” လို့ ဘူးသီးတောင်မြို့ကနေစစ်ရှောင်သွားသူတ ယောက်ကပြောပါတယ်။

ဘူးသီးတောင်မြို့ကို AA ကထိန်းချုပ်ခြင်းမရှိခင်အချိန်က မြို့ထဲနေထိုင်သူတွေအနေနဲ့ မေလ၁၈ ရက်နေ့မနက်နောက်ဆုံးထားပြီး မြို့ကနေထွက်ခွာကြဖို့သတိပေးထားတယ်လို့လည်း ဘူးသီးတောင်မြို့ဒေသခံတွေနဲ့အဆက်အသွယ်ရှိသူတဦးကပြောပါတယ်။

ဘူးသီးတောင်မြို့မှာ နေအိမ်တွေအားလုံးနီးပါးမီးရှို့ခံရတဲ့ကိစ္စအပေါ် AA ဘက်က သတင်းထုတ်တာမရှိသလို နစကဘက်ကလည်းသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အလားတူ AA ကဘူးသီးတောင်မြို့နယ်ကိုထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးလည်း နစကဘက်က သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW