မန္တလေး ဝန်းကျင်ကနေ တာချီလိတ်၊ မိုင်းလားဘက် ကုန်တင်ကားခတွေ ဈေးရပေမယ့် လမ်းကြေးကုန်ကျမှု များသလို အဖမ်းအဆီးတွေ ရှိနေ

 

မတ် ၂၀၊ ၂၀၂၄

Shy V (VOM)

လက်နက်ကိုင် ပဋိပက္ခကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရာ မူဆယ် ကျင်းစန်းကျော့ နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရာဂိတ်တွေ ရပ်တန့်သွားပြီးနောက် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းလားဘက် အဓိက ကုန်သွယ်မှုပြုနေရကာ မန္တလေး ဝန်းကျင် ကနေ တာချီလိတ်၊ မိုင်းလားဘက် ကုန်တင်ကားခတွေ ဈေးရပေမယ့် လမ်းကြေး ကုန်ကျမှုများနေသလို အဖမ်းအဆီးတွေလည်း ရှိနေကြောင်း ကုန်သည် ကားသမားတွေဆီက သိရပါတယ်။

“လမ်းကြေးက အတက်အဆင်းဆိုရင် သိန်း ၆၀ လောက်ကုန်မယ်ဗျ။ အဆင်းကုန်နဲ့ ဘာနဲ့ ပြန်တွက်ကြည့်ရင် အုံနာ လည်း ၆၀ လောက်ကျန်တယ်။ အဲလောက်ပဲ။ ၅၀၊ ၆၀ အဲလောက်ပဲဗျ။ အခုက သွားလို့ သိပ်မကောင်းတော့ ဘူး။ ပိုက်ဆံတအားတောင်းနေတယ်။ ဂိတ်တွေက နောက်ထပ် တခုပြီး တခု ထပ်ထပ်တိုးနေတယ်။ အဖွဲ့က များတယ်။ အဆင်းကုန်မပါရင်တော့ ၄၀ လောက်ပဲ ကျန်မယ်ဗျ။ အခုက အဆင်းကုန် တင်လည်း တအားဖမ်းတယ်။ သူက ဂျူတီပါတယ်သာ ပြောတာ။ ဂျူတီပါတဲ့ ကားက တနေရာကို လေး၊ ငါးသောင်း အနည်းဆုံးပဲ။ ဂိတ် တဂိတ်ကို ငါးသောင်း၊ ခြောက်သောင်းဆိုတာ အနည်းဆုံးပဲ။ တခါတလေဆိုရင် အဲ သာစည်မြို့မှာတင် အဖွဲ့က ငါးဖွဲ့၊ ခြောက်ဖွဲ့လောက်ရှိတယ်။ တဖွဲ့ကို အနည်းဆုံး ငါးသောင်း၊ ခြောက်သောင်း ပေးရတယ်ဗျ။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

မိုင်းလား၊ တာချီလိတ်ဘက် ၁၂ ဘီးကားတွေရော တွဲကားတွေရော သွားနေကြပြီး ၁၂ ဘီးဆိုရင်တော့ မန္တလေး၊ စစ်ကိုင်း ဝန်းကျင်ကနေ တာချီလိတ်၊ မိုင်းလားဘက်ကို ဖရဲ၊ သခွား တင်မယ်ဆိုရင် ကားခက သိန်း ၇၀၊ ၈၀ ပတ်ချာလည် ရှိပြီး ရိုးရိုးကုန်ဆိုရင်တော့ သိန်း ၆၀ ဝန်းကျင်ရတယ်လို့ သူက ပြောပါတယ်။

သွင်းကုန်၊ ပို့ကုန် လိုင်စင် ကြန့်ကြာမှု အပြင် ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူ၊ လွယ်ဂျယ်၊ လိုင်ဇာ၊ ကံပိုင်တည် လမ်းကြောင်းတိုင်းမှာ ငွေလမ်းခင်းပြီး သွားနေရတဲ့ အပြင် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ကုန်သွယ်မှုမှာ အခက်အခဲ မျိုးကြုံနေကြရတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေကလည်း ပြောပါတယ်။

မြန်မာ – တရုတ် နယ်စပ် လွယ်ဂျယ်လမ်းကြောင်းမှာလည်း တရုတ်ဘက်က အခွန်၊ မြန်မာဘက်က အစိုးရ အခွန်အပြင် အစိုးရအဖွဲ့စုံ၊ KIA, PDF စတဲ့ အဖွဲ့အစည်း အားလုံးကို အခန် ပေးဆောင်ရပြီး ၁၂ ဘီးကား တစီးကို ကားခအပါ သိန်း နှစ်ရာ ခန့်ကုန်ကျရပြီး မန္တလေး ရောက်လျှင် ကုန်သွယ်ရေးဇုန်ကနေ အစစ်ခံပြီး လာခဲ့ပေမယ့် အဖွဲ့စုံက ပြန်ဖမ်းဆီးတာတွေရှိနေတယ်လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။

ကံပိုင်တည် လမ်းပိုင်းမှာတော့ ထီးချိုင့်၊ ငအိုးလမ်းပိုင်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလို့ မဲဇာလမ်းဘက်ကနေ မိုင်ရာချီ ပတ်မောင်းရပြီး အဲဒီလမ်းကြောင်းဘက်လည်း တရုတ်ဘက်ခြမ်း အခွန် အပါအဝင် အစိုးရခွန်၊ လက်နက်ကိုင်အခွန် အစုံ ပေးရကာ ကားခအပါ သိန်း သုံးရာကျော်ခန့် ကုန်ကျတယ်လို့ သူက ပြောပါတယ်။

မြဝတီလမ်းပိုင်းမျာတော့ ကော့နွဲ့တံတားကျိုးသွားလို့ ထို့ကော်ကိုးလမ်းကနေ ကားငယ်တွေနဲ့ တဆင့် ကယ့်ယူရကာ လမ်းကြောတလျှောက် ဂိတ်ပေါင်း ၁၅ နေရာထက်မနည်း ရှိကာ မြတ်စောညီနောင်မှာ ကုန်တွေ ပြန်ချိန်းပြီး တရုတ်နိုင်ငံကနေ ရန်ကုန်အရောက် သိန်း ၃၇၀ ကျော်ခန့် ကုန်ကျရပြီး တချို့ကုန်တွေ ရန်ကုန်၊ မန္တလေး အဝင်တွေမှာ ဖမ်းဆီးဒဏ်ရိုက်တာမျိုးလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

လမ်းကြေး၊ အခွန်၊ ဆက်ကြေးတွေအပြင် လမ်းခရီးအခက်အခဲတွေကြောင့် ကုန်ကျစရိတ်များပြားလာပြီး ကုန်ဈေးနှုန်း ထိုးတက်လာတာဖြစ်ပြီး အကောက်ခွန် စစ်ဆေးရေးစခန်း မဝင်တဲ့ကားတွေ၊ မှောင်ခိုကားတွေကို ဖမ်းစီးအရေးယူသင့်ကာ တရားဝင်စစ်ဆေးပြီး လာတဲ့ ကားတွေကို ဖမ်းဆီးတာမျိုး မဖြစ်သင့်ကြောင်း ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

Photo Crd# ယာဉ်မောင်း တဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW