ဖယ်ခုံမှာ လက်နက်ကြီးကျလို့ သုံးယောက်သေ ၊ ငါးယောက်ဒဏ်ရာရ

ကယား၊ ဧပြီ ၁၂ -၂၀၂၄
GG (VOM)
ကယားပြည်နယ်၊ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတရွာမှာ မနေ့က ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ကလေးငယ်အပါအဝင် လူသုံးယောက်သေဆုံးပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့သိရပါတယ်။
ဒါ့အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
” မနေ့က ညက ၁၀ နာ ရီခွဲလောက်မှ လေ‌ကြောင်းပစ်ခတ်မှုဖြစ်ခဲ့တာပါ။အဲဒီပစ်ခတ်မှုက ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ ရီနွဲ့ကျေးရွာအုပ်စု ၊ ပီကင်းရွာ နဲ့ လွယ်ယင်းရွာမ ရွာထဲကိုကျခဲ့တာပါ။ညတုန်းကတော့အဲ့ဘက်ခြမ်းမှာတိုက်ပွဲဖြစ်တာမျိုးလည်းမရှိပါဘူး။ ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်ကပြောပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးသူတွေကတော့ အသက် ၆၅ နှစ်အရွယ် ဒေါ်မူဆူး ၊ အသက် ၁၂ နှစ်အရွယ် မသန္တာဦးနဲ့ အသက် ၃ နှစ်အရွယ် မောင်ဆန်းမင်းအောင် တို့ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၃၇ နှစ်အရွယ် ဦးနျို့၊အသက် ၃၄ နှစ်အရွယ် ဒေါ်မိငယ် ၊အသက် ၁၃ နှစ်အရွယ် မဂျူးဂျူး၊ အသက် ၇နှစ်အရွယ် မယဉ်ယဉ်မိုး၊ အသက် ၁၅ နှစ်အရွယ် မစီစီ-၁၅ နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။
ဧပြီလ ၂ ရက်နေ့ ညပိုင်းကလည်း ဖယ်ခုံမြို့နယ်၊ ဆောင်ငံကျေးရွာအုပ်စု ဆိုင်ခွန်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ယောကျ်ားလေးသုံးယောက်နဲ့မိန်းကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးဝန်းကျင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အလားတူမတ်လ ၂၂ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လအိကျေးရွာက ဆေးရုံပေါ် လက်နက်ကြီးကျလို့ ယောကျ်ားလေးနှစ်ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူလည်းရှိခဲ့တယ်လို့သိရပါတယ်။
ကယားပြည်နယ်မှာတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်နဲ့ နယ်မြေခံ KNDF အပါ pdf ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်ဘေးရှောင်ပြည်သူ သောင်းဂဏန်းအထိရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိခဲ့ပါတယ်။
လက်ရှိမှာတော့ လွိုင်ကော် ဒီမော့ဆို ကုန်စည်စီးဆင်းနေတဲ့အမှတ် ပန်ကန်းဂိတ်လမ်းကို ယာယီပိတ်ထားကြောင်း လွိုင်ကော်မြို့အရေးပေါ်စီမံထိမ်းသိမ်းရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Photo – voice of karenni

Related posts

Leave a Comment

VOM News

FREE
VIEW