မြန်မာပြည်သူ ထက်ဝက်နီးပါး ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရကြောင်း ကုလသမဂ္ဂထုတ်ပြန်

ကုလသမဂ္ဂ၊ ဧပြီ-၁၂-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ထက်ဝက်နီးပါးဟာ ၂၀၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဧပြီ ၁၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ လူလတ်တန်းစားတွေ ဝင်ငွေကျဆင်းလာမှုကို ထင်ဟပ်ဖော်ပြနေတာဖြစ်ပြီး မြန်မာပြည်သူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းဟာ တရက်ကို မြန်မာငွေ ၁၅၉၀ ကျပ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၇၅ ဆင့်အောက်သာ ဝင်ငွေရရှိခဲပတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ၂၀၁၇ ခုနှစ်ကတော့ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုလာထိ နောက်ထပ် ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ထပ်မံရောက်ရှိခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ချိန်မှာ အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဒါအပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာတော့ နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု(ဂျီဒီပီ) ကျဆင်းမှုကလည်း လက်ရှိချိန်ထိ နာလန်ထူနိုင်ခြင်းမရှိသေးပါဘူး။

ကုလသမဂ္ဂ ဖွဲ့ဖြိုးရေးအစီအစဉ်(ယူအင်န်ဒီပီ) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းနီးပါးသာ ဆင်းရဲမွဲတေမှုမျဉ်းအထက်မှာ နေနိုင်ဖို့ တည်ငြိမ်တဲ့ ဝင်ငွေရှိတယ်လို့ ဆိုထားပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တနှစ်ကို ဒေါ်လာ လေးဘီလီယံလိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref:UCA News
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW