မြဝတီမှာ တိုက်ပွဲငြိမ်နေပြီး BGFနဲ့KNU ကင်းလှည့် ၊ ခလရ၂၇၅ တပ်သားအချို့ ထိုင်းဘက်ကခိုလှုံခွင့်မပေးသလို စစ်ရှောင်တွေလည်းနေရာချပေးတာမရှိသေး

မြဝတီ ၊ ဧပြီ ၁၂ – ၂၀၂၄
GG (VOM )
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ ဧပြီလ ၁၂ ရက်နေ့မှာလည်း ပစ်ခတ်မှုမရှိ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မြို့ထဲမှာတော့ BGF နဲ့ KNU ၊ KNLA ၊PDF ပူးပေါင်းတပ်တွေက သွားလာလှုပ်ရှားမှုတွေ ရှိနေတယ်လို့သိရပါတယ်။
မြို့ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှည့်ပတ်မှုရှိပေမယ့်တိုက်ပွဲတွေမရှိတာကြောင့် မြို့ခံတွေကလည်း မြို့အတွင်းသွားလာလှုပ်ရှားမှုရှိသလို သကြင်္ န်မဏ္ဍပ်တွေပါဆောက်နေကြကာ စျေးတွေလည်း ဖွင့်လှစ်မှုရှိတယ်လို့သိရပါတယ်။
မြို့ခံတွေက သွားလာလှုပ်ရှားမှုရှိပေမယ့် အစိုးရရုံးတွေကတော့ လုပ်ငန်းလည်ပတ်မှုမရှိသလောက်ဖြစ်သွားပြီး မြဝတီဆေးရုံတခုသာ ဝန်ထမ်းအချို့နဲ့ ဖွင့်လှစ်ထားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
” ဆေးရုံကတော့ဖွင့်တယ်၊ဒါပေမယ့် ပုံမှန် ဝန်ထမ်းတော့မရှိတော့ ဘူး၊ မဖြစ်မနေ လိုအပ်တဲ့ဝန်ထမ်းလေးယောက်၊ခြောက်ယောက်လောက်ပဲရှိတယ်။ကျန်တဲ့အစိုးရရုံးတွေကတော့တရားဝင်ပိတ်တာမကြေငြာသေးပေမယ့် သွားလာလှုပ်ရှားမှုကတော့ သိပ်မရှိဘူး။ မြို့ကတော့ တိုက်ပွဲမရှိတော့ သွားလာမှုရှိနေတယ်။မြေနီကုန်းအထိရှိတယ်။အဲ့ကနေတော့ ကျော်မသွားရဲဘူး၊လမ်းလည်းပိတ်ထားတယ် ၊ မြို့ထဲမှာ လက်နက်ကိုင်တွေတော့လှည့်နေတာတွေ့တယ်၊ ” လို့ မြို့ခံတယောက်က ဒီနေ့မြဝတီမြို့အခြေအနေကို ပြောပြပါတယ်။
ဘဏ်တွေနဲ့ ရွှေဆိုင်တွေကတော့ ဧပြီလ ၉ ရက်နေ့ကတည်းကပိတ်ထားတာ ဒီနေ့အထိဖြစ်ပြီး မြို့ခံတွေထဲမှာလည်း မဲဆောက်ဘက်ကို စစ်ရှောင်သွားသူ နေ့စဥ်ထောင်နဲ့ချီပြီးရှိနေတယ်လို့သိရပါတယ်။
လက်ရှိမှာ မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကိုပိတ်ထားပေမယ့် အမှတ်၁ ချစ်ကြည်ရေးတံတားကိုဖွင့်ထားတာကြောင့် မြဝတီဒေသခံအများအပြား မဲဆောက်ဘက်ကိုဝင်ရောက်မှုရှိနေတာဖြစ်ပါတယ်။
အမှတ် ၂ ချစ်ကြည်ရေးတံတား ပိတ်လိုက်တာကြောင့် လတ်တလောမှာ ထိုင်းမြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီးကုန်စျေးနူန်းတွေ မြင့်တက်လာနေတယ်လို်သိရပါတယ်။
မြဝတီမြို့မှာ တခုတည်းကျန်တဲ့ ခလရ ၂၇၅ တပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား ဧပြီလ ၉ ရက်နေ့ မှာတိုက်ပွဲစဖြစ်ပြီး ၁၀ ရက်နေ့ ညကတည်းက တိုက်ပွဲရပ်သွားပြီး ဧပြီလ ၁၁ ရက်မှာအမှတ်၂ချစ်ကြည်ရေးတံတားကိ​ုထိုင်းဘက်ကပိတ်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာတိုက်ပွဲအခြေအနေ ငြိမ်သက်သွားပြီးနောက် ခလရ ၂၇၅ က တပ်ဆုတ်လာတဲ့ နစက တပ်ဖွဲ့ဝင်အချို့ဟာ ထိုင်းနိုင်ငံဘက်ကိုခိုလှုံခွင့်ရဖို့အရေး မဲဆောက်အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်အတွင်းဘက်မှာ နေရာယူပြီးစောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
” ခလရ၂၇၅က စစ်သားတွေက အမှတ်၂တံတားရဲ့အတွင်းထဲ နယ်စပ်စည်းမျဥ်းနားမှာ နေနေကြတယ်။ထိုင်းဘက်ကိုဝင်ဖို့စောင့်နေကြတာ ခုထိတော့ထိုင်းဘက်က ဝင်ခွင့်မပေးသေးဘူး၊ ထိုင်းဘက်ကဒီနေ့ ဆွေးနွေးမယ်လို့လည်းကြားတယ်။ဝင်ခွင့်ရမရတော့မသိသေးဘူး။ အခုတော့ အမှတ်၂တံတားဘက်ကိုဘယ်သူမှမသွားရဲဘူး။လုံခြုံရေးအခြေအနေအရပေါ့ ” လို့ နောက်ထပ် မြဝတီမြို့ခံတယောက်ကပြောပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲတွေငြိမ်သက်နေပေမယ့် အမှတ် ၂ ချစ်ကြည်ရေးတံတားအောက် နယ်စပ်ခြံစည်းရိုးနားမှာ ခလရ ၂၇၅ တပ်ကစစ်သားတွေ ရှိနေတာကြောင့် စစ်တပ်နဲ့ KNU တပ်တွေအကြား တိုက်ပွဲ ပြန်ဖြစ်ပြီး ထိုင်းဘက်ကို လုံခြုံရေးထိပါးလာမှာစိုးရိမ်တဲ့အတွက် ထိုင်းဘက်က နယ်စပ်စည်းမျဥ်းတလျှောက်မှာ လက်နက်အင်အားအပြည့်စုံနဲ့ လုံခြုံရေး ရယူနေသလို အမှတ်၂ချစ်ကြည်ရေးတံတားမှာလည်း လုံခြုံးအပြည့်ချထားတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြနေကြပါတယ်။
ဒီနေ့မှာတော့ ထိုင်းဒုဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီး၊ထိုင်းစစ်တပ်နဲ့အစိုးရထိပ်တန်းအရာရှိတွေဟာ အမှတ် ၁ နဲ့အမှတ် ၂ ချစ်ကြည်ရေးတံတားကိုလာရောက်စစ်ဆေးပြီး သတင်းသမားတွေနဲ့တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲလုပ်ဖွယ်ရှိပြီး မြန်မာစစ်ရှောင်တွေလက်ခံရေးနဲ့ ခလရ ၂၇၅ တပ်သားတွေကိုပါခိုလှုံခွင့်ပေး မပေးကိစ္စတွေပါဆွေးနွေးနိုင်ဖွယ်ရှိတယ်ဆိုပြီး ထိုင်းသတင်းဌာနတွေက ရေးသား ဖော်​ပြနေကြပါတယ်။
လက်ရှိအထိတော့ ထိုင်းအစိုးရ မြန်မာစစ်ရှောင်တွေကို တရားဝင်လက်ခံတာမရှိသေးသလို ခလရ ၂၇၅ တပ်သားအချို့ကိုလည်းခိုလှုံခွင့်မပေးသေးပါဘူး။
photo – ဘီဝမ်း၊KNU၊ThaiPBSNorth

Related posts

Leave a Comment

VOM News

FREE
VIEW